ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ နယ်၊ရန်ကုန်-မန္တလေး ပုံမှန်လမ်းမကြီးပေါ်တွင် ဇူလိုင် ၄ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က ဂါလန် ၇၂ဝဝ ဆံ့ ဆီဘောက်ဆာ(ဓာတ်ဆီကား)တစ်စီး တိမ်းမှောက်ကာ မီးလောင်ကျွမ်းဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် ည ၉ နာရီခွဲ ခန့်က ရန်ကုန်မှ မန္တလေးဘက်သို့ ကျော်ရွှေ (ဘ)သန်းအောင်၊ သန်လျင်မြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက်စိုးသန်း (၂ဝ)နှစ်၊ (ဘ)ဦးဆွေ၊ တောင်သာမြို့နေသူ လိုက်ပါလာသည့် လောင်စာဆီသယ်ယာဉ် (ဓာတ်ဆီ)ဂါလန် ၇၂ဝဝ ဆံ့၊ ယာဉ်အမှတ် ၁င/---- နစ်ဆန်း ၂၂ ဘီးအဖြူရောင်မှာ ရေတာရှည်မြို့နယ်၊ နတ်တောင်ရွာနှင့် ညောင်ကြပ်ကျေးရွာအကြား ကားလမ်းမိုင်တိုင်အမှတ် ၂ဝ၈ မိုင် ငါးဖာလုံနှင့် ခြောက်ဖာလုံသို့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ကားလမ်းမ၏ ယာဘက်နံဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။
“ကားသမားက မူးပြီးမောင်းတာလည်း ဖြစ်နိုင်တယ်။ သူတို့က ဂါလန် ၇၂ဝဝ ဆံ့ကားကို ဓာတ်ဆီအပြည့်နဲ့ မောင်းလာတာ မြို့လှမြို့ နတ်တောင်ရွာနဲ့ ညောင်ကြပ်ရွာကြားကိုရောက်တော့ အရှိန်နဲ့သွားနေရင်းက ရှေ့ကဘာတွေ့လည်းတော့ မသိဘူး။ ဘရိတ်အုပ်လိုက်တော့ ကားကလည်းနောက်ဝိတ်ပါတော့ နောက်တွဲကလူးပြီး လမ်းဘေးကို ထိုးကျမှောက်သွားတာ၊ ကျွန်တော်တို့သိလိုက်တာ ၉ နာရီ မိနစ် ၄ဝ လောက်မှ သိတာ။ လောင်စာဆီတွေကို မီးလောင်တာ ဆိုတော့ ရေနဲ့မီးငြှိမ်းလို့မရဘူး၊ ငါးဂါလန်ကို ရေဂါလန်တစ်ထောင်နဲ့ညီမျှတဲ့ Fone Tipe အမြှုပ်ဆေးရည်တွေနဲ့ မီးငြှိမ်းသတ်ရပါတယ်။ ၁ဝ နာရီမိနစ် ၄ဝ လောက်ကျတော့ မီးငြှိမ်းသတ်နိုင်ခဲ့တယ်။ ယာဉ်နောက်လိုက်က မီးလောင်ပြီးဒဏ်ရာရလို့ မြို့လှဆေးရုံမှာ တင်ထားတယ်။ ယာဉ်မောင်းကတော့ ထွက်ပြေးသွားပါတယ်”ဟု ရေတာရှည်မြို့နယ် မီးသတ်ဦးစီးမှူး ဦးကြည်ထွန်းက မီးလာင်ကျွမ်းမှုဖြစ်စဉ်အား ပြောကြားသည်။
“မီးလောင်ကျွမ်းမှုကြောင့် ယာဉ်နောက်လိုက်တစ်ဦး မီးလောင်ကျွမ်းဒဏ်ရာရရှိခဲ့ ပြီး ဆီဘောက်ဆာယာဉ်နှင့် လောင်ဆာဆီများ မီးလောင်ကျွမ်းဆုံးရှုံးခဲ့ရာ၊ ကာလတန် ကြေးကျပ်သိန်း ၆ဝဝ ဝန်းကျင်ခန့်ဆုံးရှုံးသွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်း ကျော်ရွှေအား ရေတာရှည်မြို့နယ်၊ မြို့လှရဲစခန်းမှယာဉ်(ပ)၁၃/၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၃၃၈/၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဇူလိုင် ၄ ရက်ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော ဆီဘောက်ဆာယာဉ်အား မီးငြှိမ်းသတ်နေကြစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်-တောင်ငူ)
ACM Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment