Written by: နေပြည်တော်သတင်းအဖွဲ့
(၅၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ဇွန် ၅ ရက်က အလေးချိန် ၂၃၃ ကီလိုရှိ ကျောက်စိမ်းအတွဲအား ဈေးပြိုင်စနစ်ဖြင့် အခြေခံဈေးအမြင့်ဆုံး ယူရိုငွေသန်း ၆ဝ ဖြင့် တင်ပြရောင်းချရာတွင် ဝယ်မည့်ကုန်သည် မရှိကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီမှ သိရသည်။
(၅၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အခြေခံဈေးအမြင့်ဆုံး ယူရို ၆ဝ သန်းဖြင့် တင်ပြရောင်းချသည့် ကျောက်စိမ်းတွဲမှာ လုံးခင်း၊ ဖားကန့်နယ်မြေ စဗျိဝမှော်မှ တူးဖော်ထုတ်လုပ်ရရှိသော အလေးချိန် ၂၃၃ ကီလိုရှိ ကျောက်စိမ်းရိုင်းတုံးဖြစ်ကြောင်း သိရသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲကော်မတီမှ ဦးသန်းဇော်ဦးက“ဈေးပြိုင်စနစ်ဆိုတာ တစ်ယောက်ရှိတာနဲ့ အောင်တာဖြစ်တယ်။ ဈေးပြိုင်စနစ်ရဲ့သဘောက ရောင်းတဲ့သူက ဈေးသတ်မှတ်ပြီးသား၊ ဥပမာ ကျွန်တော်တို့က ဈေးပြိုင်ရောင်းတဲ့အတွဲတွေကို အနည်းဆုံးကြမ်းခင်းဈေး နှစ်သိန်းကနေပြီး အပေါ်ကနေ သူ့ကျောက်ရဲ့တန်ဖိုးကို သူထားချင်သလောက်ထားပေါ့။ နှစ်သိန်း အနည်းဆုံးထားရတယ်။ ဒီပွဲမှာ သန်း ၆ဝ တန် ကျောက်စိမ်းတွဲ မရောင်းရပါဘူး။ ဈေးပြိုင်စနစ်က မရောင်းရတဲ့ဟာကို နောက်ထပ်ထပ်တင်ပြီး ရောင်းရတာမရှိပါဘူး။ ရောင်းနည်းစနစ်လည်း မရှိပါဘူး။ ရောင်းချင်ရင် နောက်တစ်ပွဲမှ ပြန်ရောင်းလို့ရတယ်”ဟု ပြောကြားသည်။ အဆိုပါမြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ယူရိုတစ်သန်းနှင့်အထက် ကျောက်စိမ်းအတွဲပေါင်း ၆၉ တွဲကိုလည်း တင်ပြရောင်းချသွားမည်ဖြစ်ပြီး အမြင့်ဆုံးကြမ်းခင်းဈေးအနေဖြင့် ယူရိုတစ်သန်းကျော်တန် မြပြာရိုင်းတစ်ပွင့်၊ ယူရိုသုံးသိန်းတန် ပတ္တမြား ရိုင်းတစ်ပွင့်၊ ယူရို သုံးသိန်းတန် ပတ္တမြားဂေါ်ကြိုး တစ်ပွင့်နှင့် အစရှိသည့် ပတ္တမြားရိုင်း၊ ရွှေဝါရောင်းထပ်တစ်ရာရိုင်းတို့ တင်ပြရောင်းချခဲ့ကြောင်း သိရသည်။
ဇူလိုင် ၄ ရက် မြန်မာ့ကျောက်မျက်ရတနာပြပွဲခန်းမတွင် ကျောက်စိမ်းအတွဲများအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၄၆ တွဲ ယူရိုငွေပေါင်း ၂ဝ၅၂၃ဝဝ၅၉ ရောင်းချခဲ့ရပြီး ဇူလိုင် ၅ ရက် တွင် ကျော်စိမ်းတွဲ ၄၃ တွဲ ယူရိုငွေပေါင်း ၂၃၇၇၉၃၅၁၇ ရောင်းချခဲ့ကြောင်း သိရသည်။
ဇူလိုင် ၅ ရက်တွင် ဈေးပြိုင်စနစ်ဖြင့် ကျောက်စိမ်းတွဲ ၁၁ဝ ကို ရောင်းချလျက်ရှိ ရာ ၄၂ တွဲ ရောင်းချခဲ့ရပြီး ကျန်အတွဲများကို ပွဲပြီးဆုံးသည်အထိ ရောင်းချသွားမည်ဖြစ်ကြောင်း ပြပွဲနောက်ဆုံးရက်ဖြစ်သော ဇူလိုင် ၆ ရက်တွင် ကျောက်စိမ်းတွဲ ၇၄ တွဲကို ဈေးပြိုင်စနစ်ဖြင့် ဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ACM Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment