Home
»
ပြည်တွင်းရေး
» အစိုးရသစ်လက်ထက် သစ်ခုတ်ခွင့် အများဆုံးရခဲ့သော မြတ်နိုးသူကုမ္ပဏီအား ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် မြေ ၁၀ ဧကကို တစ်ပေပတ်လည် တစ်လ ၃၅ ကျပ်နှုန်းဖြင့် ငှားရန် စီစဉ်
Written by: မာန်သူရှိန်ဆိပ်ကမ်းဆောက်လုပ်၍ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မည့် မြတ်နိုးသူဆောက်လုပ်ရေးကုမ္ပဏီလီမိတက်အား ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်မြေ ၁ဝ ဧကကို တစ်ပေပတ်လည်လျှင် တစ်လ ၃၅ ကျပ် နှုန်းဖြင့် ငှားရမ်းပေးရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် မြတ်နိုးသူဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့ပေါင်း၍ ဖက်စပ်ကုမ္ပဏီအဖြစ် Sea Lion Global International Services ကုမ္ပဏီလီမိတက်အမည်ဖြင့် ဆိပ်ခံတံတားနှင့် သိုလှောင်ရုံများတည်ဆောက်၍ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းပေးရန် စီစဉ်နေကြောင်း သိရသည်။
ဆိပ်ကမ်းတည်ဆောက်ရာတွင် သန်လျင်တံတားစီမံကိန်းဝင်းအတွင်းရှိ မြေ ၁ဝ ဧကပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး အဆိုပါ မြေ ၁ဝ ဧကကို တစ်ပေပတ်လည် တစ်လ ၃၅ ကျပ်နှုန်း (တစ်စတုရန်းမီတာလျှင် တစ်နှစ် ၄၆ဝဝ ကျပ်နှုန်း) ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြတ်နိုးသူ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်သို့ ငှားရမ်းပေးရန် ၂ဝ၁၄ ခုနှစ် ဧပြီလကုန်ပိုင်းကတည်းက စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
တစ်ပေပတ်လည် ၃၅ ကျပ်နှုန်းဖြင့် မြတ်နိုးသူဆောက်လုပ်ရေးကုမ္ပဏီလီမိတက်သို့ ငှားရမ်းပေးရန် စီစဉ်သည့်အပေါ် ငှားရမ်းမှု ဖြစ်မဖြစ်နှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများသို့ ဇူလိုင် ၂ ရက်နေ့က ဆက်သွယ်မေးမြန်းရာ ပြန်ကြည့်ပြီးမှ ပြန်လည်ဖြေကြားပေးမည်ဟု ဖြေကြားခဲ့သည်။
မြတ်နိုးသူ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်သည် ဆောက်လုပ်ရေးလုပ်ငန်းအပြင် မြတ်နိုးသူကုမ္ပဏီ၊ မြတ်နိုးသူခရီးသွားလုပ်ငန်း၊ မြတ်နိုးသူကျောက်မျက် စသည့် ကုမ္ပဏီများကိုပါလုပ်ကိုင်လျက်ရှိပြီး မြတ်နိုးသူကုမ္ပဏီအမည်ဖြင့် သစ်လုပ်ငန်း ကိုလည်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
မြတ်နိုးသူကုမ္ပဏီသည် အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း ကျွန်းသစ်တန်ချိန်ပေါင်း ၆ဝဝဝဝ ကျော်နှင့် သစ်မာတန် ချိန်ပေါင်း ၄၆ဝဝဝဝ ကျော် စုစုပေါင်း ကျွန်း နှင့်သစ်မာတန်ချိန်ပေါင်း ၅၂ဝဝဝဝ ကျော်ကို ခုတ်ခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံရှိ သစ်ခုတ် ခွင့်ရကုမ္ပဏီများထဲတွင် နံပါတ်တစ် သစ်ခုတ်ခွင့်အများဆုံးရသည့် ကုမ္ပဏီလည်းဖြစ်သည်။ အစိုးရသစ်လက်ထက် သစ်ခုတ်ခွင့် အများဆုံးရရှိခဲ့ရာမှ ယခုအခါ ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်ခွင့်ကိုပါ ထပ်မံရရှိမည့် အနေအထားဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အိမ်ရာဆောက်လုပ်ရေးစီမံကိန်းများအတွက်လည်း တင်ဒါခေါ်ယူခြင်း လုံးဝမရှိဘဲ နီးစပ်ရာကုမ္ပဏီများသို့သာ ချထားပေးလျက်ရှိပြီး နိုင်ငံပိုင်မြေကွက်ကျယ်များကို လုပ်ငန်းရှင်များလက်သို့အပ်ပြီး လုပ်ငန်းရှင်မှ အကျိုးအမြတ်ရာခိုင်နှုန်း ၇ဝ၊ နိုင်ငံတော် မှ အကျိုးအမြတ် ရာခိုင်နှုန်း ၃ဝ သာရရှိမည့် အချိုးဖြင့်ပါ လုပ်ကိုင်ခွင့်များကို ချထားပေးရန် စီစဉ်လျက်ရှိသည်။
နိုင်ငံတော်သမ္မတရုံးအနေဖြင့် အများနှင့်သက်ဆိုင်သော စီမံကိန်းများအတွက် ယှဉ်ပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူပြီးမှ ငှားရမ်းခြင်း၊ ရောင်းချခြင်းပြုလုပ်ရန် တင်ဒါစည်းမျဉ်းစည်းကမ်းများကိုပင် ထုတ်ပြန်ထားပြီး ဖြစ်သည်။
သို့သော် အချို့သောဝန်ကြီးဌာနများအနေဖြင့် အများပြည်သူပိုင်မြေနှင့် မြေပေါ်တွင် တည်ဆောက်မည့် အများနှင့်သက်ဆိုင်သော စီမံကိန်းများကို ယနေ့အထိ တင်ဒါမခေါ်ဘဲ နီးစပ်ရာခွင့်ပြုပေးနေမှု၊ ဝန်ကြီးဌာနပိုင်မြေများကို ပေါက်ဈေးထက် အဆမတန်နည်းပါးသော ဈေးများဖြင့် ခွင့်ပြုပေးမှုအချို့ ရှိနေဆဲဖြစ်သည်။
ဥပမာအားဖြင့် ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ရန်ကုန်မြို့၏ အချက်အချာကျ ဆရာစံလမ်းပေါ်တွင်ရှိသော ပြည်ထဲရေးဝန်ကြီးဌာနပိုင်မြေ ၁ ဒသမ ၆၅ ဧကကျော် ကျယ်ဝန်းသော မြေကွက်ကျယ်ကို စိန်ဟင်းကုမ္ပဏီသို့ တစ်ပေပတ်လည် တစ်လ ၇ဝ ကျပ်နှုန်းဖြင့် ငှားရမ်းရန် စီစဉ်ခဲ့ကြသည်။
ACM Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment