နေပြည်တော်၊ ဇူလိုင် ၃
တပ်မတော်အစိုးရ လက်ထက်တွင် အုပ်ချုပ်ရေး ယန္တရားအတွင်း ပါဝင်ခဲ့သူ အများစုကို ကျောထောက်နောက်ခံပြုကာ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အာဏာရလာသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်း စိတ်ဓာတ်အဆင့်မမီသူ အချို့ ရှိနေပြီး ထိုသူများကြောင့် သဘောထား မတူညီမှုများ ဖြစ်ပွားနေကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
ဇူလိုင်လ ၃ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး ကျင်းပပြုလုပ်သော ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ယင်းပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းတို့နှင့်အတူ ပြလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ပါတီမှာ ရာနှုန်းပြည့် ကောင်းတယ်လို့ မသတ်မှတ်ပါဘူး။ ရပ်ကွက်စကားနဲ့ ပြောရင် ပဲ့တဲ့သူ၊ အဆင့်မမီတဲ့သူတွေ ရှိတယ်။ အားနည်းချက်ရှိတဲ့ သူတွေလည်း ရှိကောင်း ရှိပါတယ်” ဟု ၎င်းကဆိုသည်။
ကြံ့ခိုင်ရေးပါတီသည် ယခင်က အရိပ်မည်းများကို ရရှိထားသော်လည်း လက်ရှိတွင် ပြည်သူ့ဗဟိုပြု ပါတီအဖြစ် ရပ်တည်ရန် မူဝါဒ ချမှတ်ထားပြီး အတွေးအခေါ် အယူအဆများ ကွဲပြားနေမှုများကို ပြင်ဆင်နေပြီ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
ကြံ့ခိုင်ရေးပါတီသည် ၁၉၉၃ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းအဖြစ် တပ်မတော်အစိုးရ ထိပ်တန်းအရာရှိများ ဦးဆောင်ကာ ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ပါတီအဖြစ် မှတ်ပုံတင်ခဲ့ကာ တပ်မတော်အစိုးရ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်နေသူ ဦးသိန်းစိန်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ကာ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ယင်းပါတီသည် တပ်မတော်ကို ကျောထောက်နောက်ခံ ပြုထားသည့် ပါတီဖြစ်သောကြောင့် ဗဟိုဦးစီးစနစ် ကျင့်သုံးခဲ့သော်လည်း လာမည့်နှစ်များအတွင်း ပါတီမူဝါဒများ ပြောင်းလဲသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။
လွှတ်တော်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်မှ တာဝန်ရှိသူ အစိုးရအဖွဲ့ဝင်များသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် အများစု ဖြစ်နေသော်လည်း အစိုးရ အပြောင်းအလဲ ဖြစ်ပွားခဲ့ပြီး သုံးနှစ်ကျော် ကာလအတွင်း ချိတ်ဆက် အလုပ်လုပ်နိုင်မှု မရှိသေးကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ သူရဦးအောင်ကိုက ပြောဆိုထားသည်။
ကြံ့ခိုင်ရေးပါတီ၏ ခေါင်းဆောင် နှစ်ဦးဖြစ်သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကြား သဘောထားကွဲလွဲမှု အချို့ ရှိနေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့က ဝေဖန်ပြောဆိုကြသည်။
အစိုးရအဖွဲ့နှင့် လွှတ်တော်အကြားတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ဆက်သွယ်ရေး ကဏ္ဍအတွက် အစိုးရက ပြည်ပကုမ္ပဏီများကို တင်ဒါ ခေါ်ယူမှုတွင်း အစိုးရနှင့် လွှတ်တော်အကြား သဘောထားကွဲလွဲမှု များစွာ ဖြစ်ပွားခဲ့ပြီး ဥပဒေကြမ်းဆိုင်ရာ ကိစ္စရပ်များလည်း နိုင်ငံတော်သမ္မတနှင့် လွှတ်တော် အကြား သဘောထား ကွဲလွဲမှုများစွာ ပေါ်ပေါက်ခဲ့သည်။
ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွင်လည်း လဘ်စားမှုကို အရေးယူရေး ကိစ္စများသာ ပါဝင်နေပြီး ဥပဒေတစ်ရပ်လုံးသည် “အဂတိလိုက်စားမှု တိုက်ဖျက်ရေး” အတွက် မလွှမ်းခြုံမိသောကြောင့် ယင်းဥပဒေကို ရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတက သဝဏ်လွှာ ပေးပို့ခဲ့ပြီး ယင်းသဝဏ်လွှာသည် သမ္မတတစ်ဦးအနေနှင့် ဥပဒေကျင့်ဝတ် မလိုက်နာဘဲ ပေးပို့ခြင်းသာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဝေဖန်ခဲ့သည်။
ယင်းသဝဏ်လွှာကိုလည်း မှတ်တမ်းအဖြစ်သာ ထားရှိရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
အဆိုပါ ဥပဒေကို နိုင်ငံတော်သမ္မတက နှစ်ကြိမ်တိုင်တိုင် လက်မှတ်ရေးထိုးခြင်း မရှိဘဲ လွှတ်တော်သို့ သဘောထား မှတ်ချက်များဖြင့် ပြန်လည် ပေးပို့သော်လည်း လွှတ်တော်က နိုင်ငံတော်သမ္မတ သဘောထား မှတ်ချက်များကို အတည်ပြု ဆွေးနွေးခြင်း မလုပ်ခဲ့ဘဲ လွှတ်တော် အတည်ပြုထားသည့်အတိုင်း ပြဋ္ဌာန်း ထုတ်ပြန်ခဲ့သည်။
ACM Credit To : The Voice Weekly
http://www.ayechanmon-news1.com/
Post a Comment