0

စပိန်လာလီဂါ ပြိုင်ဘက်ဟောင်း လီယွန်နယ် မက်ဆီကို ကွဲပြားသော အခြေအနေ တစ်ရပ်တွင် ထပ်မံယှဉ်ပြိုင်ရန် အသင့်ရှိနေပြီဟု ဘယ်လ်ဂျီယံ ဂိုးသမား သီဘောက် ကော်တွိုက်စ်က ပြောကြားလိုက်သည်။

ကော်တွိုက်စ်သည် အက်သလက်တီကို မက်ဒရစ် အသင်းနှင့်အတူ စပိန်လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး မက်ဆီ၏ ဘာစီလိုနာ အသင်းမှာမူ ဒုတိယ နေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ အက်သလက်တီကိုနှင့် ဘာစီလိုနာတို့၏ အားပြိုင်မှုသည် ပြည်တွင်းပွဲစဉ်များသာ မကဘဲ ဥရောပ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်တွင်ပါ ရေစက်ပြန်ဆုံခဲ့ပြီး ထိုအခြေအနေတွင်လည်း ကော်တွိုက်စ်က မက်ဆီအပေါ် အသာစီး ရထားပြန်သည်။

ယခုအခါ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်၌ ဘယ်လ်ဂျီယံနှင့် အာဂျင်တီးနားတို့ ဆုံတွေ့နေပြီး အသက်(၂၂)နှစ်ရှိ ဂိုးသမားလေးက ကမ္ဘာ့အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီးတွင် မက်ဆီနှင့် ယှဉ်ပြိုင်ရန် စိတ်အားထက်သန်နေမိကြောင်း ဖွင့်ဟခဲ့သည်။

“ကျွန်တော် အက်သလက်တီကိုမှာ ကစားရင်း ဘာစီလိုနာနဲ့ ရင်ဆိုင်ရတဲ့ ပွဲတွေမှာ မက်ဆီ့ကို ကောင်းကောင်း လေ့လာထားခဲ့ပါတယ်။ ခုတော့ လက်ရွေးစင် အသင်းကို ကိုယ်စားပြုပြီး သူနဲ့ ထပ်ရင်ဆိုင်ရမယ်ဆိုတာ ကျေနပ်စရာပါပဲ”ဟု ကော်တွိုက်စ်က ဆိုသည်။

အက်သလက်တီကိုတွင် (၃)နှစ်ကြာ အငှားထွက်ကစားခဲ့ပြီး လာမည့်ရာသီ မိခင်ကလပ် ချယ်လ်ဆီးသို့ ပြန်တော့မည့် ကော်တွိုက်စ်က “အာဂျင်တီးနားနဲ့ပွဲမှာ ကျွန်တော်တို့ နိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ စောင့်ကြည့်ကြတာပေါ့။ ကောင်းတဲ့တစ်ချက်က မက်ဆီ ဘယ်လိုဘယ်ပုံ ကစားသလဲ ဆိုတာကို ကျွန်တော် ဗီဒီယိုကြည့်ပြီး လေ့လာစရာ မလိုတာပါပဲ။ သူ့အကြောင်း ကောင်းကောင်း သိထားပြီးသားလေ။ ဒါပေမဲ့ ဗီဒီယိုတွေကို ကြည့်မယ်ဆိုရင် သူ့လှုပ်ရှားပုံက ခန့်မှန်းရခက်လွန်းတာ တွေ့ရလိမ့်မယ်။ သူဘာလုပ်တော့မယ် ဆိုတာကို ကြိုတွေးကြည့်ဖို့ မဖြစ်နိုင်သလောက်ပဲ”ဟုလည်း မှတ်ချက်ပြုခဲ့သည်။

၎င်းက “မက်ဆီက ကန်ခွင့်ရတဲ့ အခြေအနေ တစ်ရပ်ကို ရုတ်တရက် မြင်လိုက်တာနဲ့ သူ့ခြေထောက်က ကန်ပြီးသား ဖြစ်နေပြီ။ ဒီတော့ သူနဲ့ရင်ဆိုင်မယ့် ဂိုးသမား တစ်ယောက်အနေနဲ့ ကျွန်တော် လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ပွဲချိန်တစ်လျှောက်လုံး အပြည့်အဝ အာရုံနှစ်မြှုပ် စူးစိုက်ထားဖို့ပဲ။ တစ်စက္ကန့်လေးမှ တခြားကို စိတ်ပျံ့လွင့်သွားလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို အခိုက်အတန့်လေးမှာတင် သူက ဂိုးသွင်းသွားနိုင်တယ်လေ”ဟုလည်း ပြောကြားသွားသည်။

_GOAL

ACM Credit To : 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top