အမေရိကန် ပြည်ထောင်စုတွင် တိုက်ခိုက်ခံရမည်ဟု လုံခြုံရေး ခြိမ်းခြောက်မှုများ ရထားသောကြောင့် အမေရိကန် နိုင်ငံတွင်းသို့ တိုက်ရိုက် ပျံသန်းသော လေကြောင်းလိုင်းများ အားလုံးကို ကြာသပတေးနေ့တွင် လုံခြုံ ရေးများ တင်းကျပ်ထားကြောင်း သိရသည်။
ဗြိတိန် သယ်ယူ ပို့ဆောင်ရေးဌာနကလည်း လေဆိပ်များတွင် လုံခြုံရေးများ တင်းကျပ်ထားကြောင်း သတင်းကို အတည်ပြုခဲ့သည်။ လုံခြုံရေး ဆောင်ရွက်ရာတွင် မည်သို့ ဆောင်ရွက်မည် ဆိုသည့် အချက်များကို ဗြိတိန်နှင့် အမေရိကန် အာဏာပိုင်များက ပြောဆိုခြင်း မရှိသော်လည်း လေကြောင်း ခရီးထွက်ခွာသည့် ခရီးသည် အများစုမှာ လုံခြုံရေး တင်းကျပ်မှုကြောင့် ၎င်းတို့ကို အနှောင့် အယှက် ဖြစ်ရသည့် အခြေအနေများ မတွေ့ရကြောင်း ဆိုသည်။
လုံခြုံရေး သတိပေးချက်များ ထွက်ပေါ်လာရခြင်းမှာ အမေရိကန် မီဒီယာများတွင် ဆီးရီးယားနှင့် ယီမင်တွင် ရှိနေသော အယ်လ်ကိုင်းဒါးနှင့် ဆက်နွှယ်နေသော အဖွဲ့များက အမေရိကန်သို့ တိုက်ရိုက် ပျံသန်းသည့် လေကြောင်း ခရီးစဉ်များတွင် ဗုံးများကို ခိုးဝှက် သယ်ဆောင် လာနိုင်ကြောင်း ဖေါ်ပြခဲ့ပြီး နောက်ဖြစ်သည်။ ကန်အမိမြေ လုံခြုံရေးဌာန ကလည်း လုံခြုံရေးအတွက် အပြောင်းအလဲများ လုပ်ထားခြင်းမှာ အမှန်တကယ် ဖြစ်နိုင်လောက်သည့် ခြိမ်းခြောက်မှုအတွက် လုပ်ထားခြင်း ဖြစ်ကြောင်း ဆိုခဲ့ပြီး၊ ထောက်လှမ်းရေး သတင်းဆိုင်ရာ အသေးစိတ်အချက်များကိုမူ ထုတ်ပြောခဲ့ခြင်း မရှိပေ။
အမေရိကန် အမိမြေ လုံခြုံရေးဌာန အတွင်းရေးမှူး ဂျာဂျွန်ဆင်ကလည်း လာမည့် ရက်များအတွင်း လုံခြုံရေး ပိုင်းဆိုင်ရာ အပြောင်းအလဲများ လုပ်သွားမည် ဖြစ်ကြောင်း ဆိုသည်။
ဆီရီးယားတွင် ရှိသည့် အယ်လ်နူဆရာနှင့် ယီမင်တွင်ရှိသည့် အာရေဗျကျွန်းဆွယ် အယ်ကိုင်းဒါး အဖွဲ့များမှာ အကြမ်းဖက် အယ်လ်ကိုင်းဒါးနှင့် ဆက်နွှယ်သော အဖွဲ့များဖြစ်ပြီး၊ ၎င်းတို့သည် အမေရိကန် လေကြောင်းလိုင်းများမှ တစ်ဆင့် လေဆိပ်များမှ စစ်ဆေးရေး ဓာတ်မှန်များကို ဖြတ်ကျော်နိုင်သည့် ဗုံးများနှင့် ဖောက်ခွဲရေး ပစ္စည်းများကို အမေရိကန် အတွင်းသို့ သယ်ယူနိုင်ကြောင်း မီဒီယာများက ရေးသားခဲ့ခြင်းဖြစ်သည်။
ACM Credit To : Messenger News Journal
http://www.ayechanmon-news1.com/
Post a Comment