မွန်ပြည်နယ်၊ မော်လမြိုင်ကမ်းနားလမ်းရှိ မြို့မဆိပ်ကမ်း ဘောတံတားကို အဆင့်မြှင့်တင်ပြီး သံလွင်မြစ်ကြောင်း ပေါ်မှာ ရေပေါ်စားသောက်ဆိုင် တည်ဆောက်မယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်က ဆိုပါတယ်။
ရေပေါ်စားသောက်ဆိုင် အတွက် ဆိပ်ကမ်းဘောတံတားကို အဆင့်မြှင့်မှာ ဖြစ်ပြီး ဆိပ်ကမ်းဘောတံတားရဲ့ ဘေးဘက်မှာ နှစ်ထပ်အဆောက်အအုံ တစ်ခုကို ထပ်ပြီးဆောက်မှာ ဖြစ်ပါတယ်။ အဆောက်အအုံအပေါ်မှာ ကော်ဖီဆိုင်နဲ့ လေဟာပြင် ဖျော်ဖြေရေး မဏ္ဍပ်တစ်ခု ပါမှာဖြစ်ပြီး အောက်မှာတော့ ဒေသထွက် အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေ ထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မွန်ပြည်နယ်အစိုးရနဲ့ သံလွင်နတ်သမီး ကုမ္ပဏီတို့ မြေငှားရမ်းမှု သဘောတူညီချက် စာချုပ်ကို ဇူလိုင်လ အတွင်းမှာ ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။
မော်လမြိုင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း ကတော့ ခုလိုပဲ သုံးသပ်ပါတယ်။
“ကမ်းနားလမ်း သာယာလှပရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆောက်မယ်ဆိုရင် ကမ်းနားရဲ့ သာယာမှုတွေ ပျောက်သွားနိုင်တယ်။ ကမ်းနားလမ်းဆိုတဲ့ အမည်လည်း ပျောက်သွားနိုင်တယ်။ စီမံကိန်းအဖြစ် အကောင်အထည် ဖော်မယ်ဆိုရင်တော့ မြို့မိမြို့ဖတွေရဲ့ အကြံဉာဏ် ယူသင့်ပါတယ်”
“အဆောက်အအုံတွေကို ကြိုက်တဲ့နေရာ ဆောက်လို့ရတယ်။ ဖြစ်သင့်တာက အကျိုးအမြတ်ကို ပြည်သူအများစု ခံစားခွင့်ရမှာလား ဆိုတာ စဉ်းစားသင့်တယ်၊ ရမယ်ဆိုမှ ဆောက်သင့်တယ်” လို့လည်း ဦးဇော်ဇော်ထွန်းက ဆိုပါတယ်။
မော်လမြိုင် ကမ်းနားလမ်းရှိ မြို့မဆိပ်ကမ်း ဘောတံတား နေရာဟာ နှစ်စဉ် သင်္ကြန်ဗဟိုမဏ္ဍပ် ဆောက်လုပ်တဲ့ နေရာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ACM Credit To:The Voice Weekly
http://
Post a Comment