0

မြန်မာ့သစ်တောဖုံးလွှမ်းမှု ပမာဏမှာ အန္တရာယ်ရှိလောက်အောင် လျော့နည်းကျဆင်းနေကြောင်း နောက်ထပ် သတိပေးချက်တစ်ရပ်ကို ထပ်မံရရှိလိုက်ပြန်သည်။ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး (FAO) က ၂၀၁၄ ခုနှစ်က ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ ကမ္ဘာ့သစ်တောမျိုးစိတ်များ၏ ထက်ဝက်သည် ရာသီဥတုဖောက်ပြန်မှုနှင့် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်မှုများကြောင့် အန္တရာယ်ရှိနေပြီဟု သတိပေးလိုက်သည်။ ၂၀၁၀ ပြည့်နှစ်အထိ လွန်ခဲ့သောနှစ် ၂၀ အတွင်း သစ်တောဖုံးလွှမ်းမှုဧရိယာ အဆုံးရှုံးခဲ့ရဆုံးနိုင်ငံ ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံလည်း ပါဝင်နေသည်ဟု ကုလအေဂျင်စီတစ်ခုဖြစ်သော ထိုအဖွဲ့ကြီးက ထုတ်ပြန်ခဲ့သည့် ဤအစီရင်ခံစာတွင် ရေးသားထားသည်။

ကုလသမဂ္ဂနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၏ သတိပေးမှုများကို မြန်မာနိုင်ငံက အလေးဂရုပြုသည့် လက္ခဏာများအား ယခုအခါတွေ့မြင်နေရပြီဖြစ်သည်။ ဇီဝမျိုးကွဲများ ရှင်သန်မှုနှင့် ရာသီဥတုဖောက်ပြန်မှုကို တိုက်ဖျက်ရာ၌ သစ်တောများ၏ အရေးပါသော အခန်းကဏ္ဍကို လက်ခံထားပြီဖြစ်သည်။ လမ်းကြောင်းမှန်အတိုင်း ဆောင်ရွက်ရေးတွင် နောက်ကောက်ကျနေပြီဖြစ်သည့် ခြေလှမ်းတစ်လှမ်းကိုလည်း လှမ်းခဲ့ပြီဖြစ်သည်။ သစ်အလုံးလိုက် တင်ပို့မှုကို ယခုနှစ် မတ်လ ၃၁ ရက်မှစ၍ မြန်မာအစိုးရက လုံးဝတားမြစ်ပိတ်ပင်လိုက်ပြီဖြစ်သည်။ ထိုသို့ ပြည်ပတင်ပို့မှုကို ပိတ်ပင်ခဲ့ရုံသာမက ပြည်တွင်းကျွန်းသစ် လိုအပ်မှုကိုလည်း ၂၀၁၅ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်းအထိ လျှော့ချမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင်း သစ်ထုတ်လုပ်မှုမှာ တရားမ၀င်ထုတ်လုပ်မှုများဖြစ်သည့်အတွက် အရာရောက်ရန် မရေရာလှပေ။

မြန်မာအစိုးရ၏ သစ်တောပြုန်းတီးမှု ကာကွယ်ရေးလုပ်ဆောင်ချက်များ ထိထိရောက်ရောက် ရှိမရှိမှာလည်း သံသယဖြစ်စရာ တွေ့ရှိနေသည်။ ယခင်မှတ်တမ်းများအရလည်း စိုးရိမ်ဖွယ်ကောင်းလှသည်။ ၂၀၀၀ ပြည့် နှစ်မှ ၂၀၁၃ ခုနှစ်အတွင်း သစ်တောဧရိယာ ၁ ဒသမ ၅ သန်း ဟက်တာ (၃ ဒသမ ၇ သန်းဧက) ကို ခုတ်လှဲခဲ့ပြီး အများစုမှာ တရားမ၀င် ခုတ်လှဲခဲ့ခြင်းဖြစ်သည်ဟု ကမ္ဘာတစ်ဝန်း သစ်တောများအခြေအနေကို စောင့်ကြည့်လေ့လာနေသည့် အင်န်ဂျီအိုတစ်ခုဖြစ်သော Global Forest Watch ကပြောသည်။

ထိုသိုခုတ်လှဲခံရသည့် သစ်တောအများစုမှာ ဧရာဝတီမြစ်ညာပိုင်းတွင်ဖြစ်ပြီးအချို့နေရာများတွင် ၁၀ နှစ်အတွင်း ၆၀ ရာခိုင်နှုန်းအထိ ခုတ်လှဲခံခဲ့ရသည်။ ထိုနေရာများတွင် နေရာအများစု၌ သစ်တော ပြန်လည်ပျိုးထောင်မှုမှာ မရှိသလောက်ပင်ဖြစ်ပြီး အထူးသဖြင့် မြစ်ဝှမ်းတစ်လျှောက်တွင် ဖြစ်သည်။

ထုတ်လုပ်နိုင်သော သစ်တောများ အလွန်အမင်းလျော့နည်းကျဆင်းသွားခြင်းနှင့် ဂေဟစနစ်အတွက်ကြောင့် ကြလာခြင်းကြောင့် ထိုသို့သစ်လုံးတင်ပို့မှုကို မြန်မာအစိုးရက ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့သဘာဝပတ်ဝန်းကျင်အပေါ် ခြိမ်းခြောက်မှု အန္တရာယ်ကို စောင့်ကြည့်လေ့လာနေသည့် အမေရိကန်အခြေစိုက် အင်န်ဂျီအိုတစ်ခုဖြစ်သော Mongabay က ပြောသည်။ ထိုသို့အစိုးရ၏ သစ်လုံးတင်ပို့မှု ပိတ်ပင်ခြင်းကို သစ်လုပ်ငန်းအရာရှိများကပင် ထောက်ခံသည်။ ကျန်ရှိသော သစ်တောအရင်းအမြစ်မှာ အလွန်ပင် လျော့နည်းကျဆင်းသွားပြီဖြစ်သဖြင့် ပရိဘောဂထုတ်လုပ်ရန်နှင့် အခြားသစ် အခြေခံထုတ်ကုန်များ ထုတ်လုပ်ရန် ပင်မလုံလောက်တော့သောကြောင့်ဖြစ်သည်။ ကျွန်းသစ်မှာ ရေဒဏ်လည်းခံ ကြာရှည်လည်းခံသည့်အတွက် ပရိဘောဂနှင့် လှေ၊ သင်္ဘောတည်ဆောက်မှုများတွင် အဓိက အသုံးပြုကြသည်။ အိမ်နီးချင်း တရုတ်နိုင်ငံတွင်လည်း ကျွန်းဈေးကွက်ကောင်းကောင်းရှိသည်။ သစ်လုံးတင်ပို့မှု မပိတ်ပင်ခင်က မြန်မာနိုင်ငံသည် ကမ္ဘာ့ကျွန်းတင်ပို့မှု၏ သုံးပုံတစ်ပုံခန့်ကို တင်ပို့ခဲ့သည့် နိုင်ငံဖြစ်ပြီး ကျွန်းစိုက်ခင်းများမှ ထုတ်လုပ်သော ကျွန်းများမဟုတ်ဘဲ သဘာဝကျွန်းတောများမှ ခုတ်လှဲတင်ပို့ခဲ့သည့် တစ်ခုတည်းသော နိုင်ငံလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု အများဆုံးနေရာမှာ သစ်ခုတ်သူများ အလွယ်တကူ မရောက်နိုင်သည့် တောင်ထူထပ်သည့် မြန်မာနိုင်ငံမြောက်ဖျားတွင် ဖြစ်သည်။ မြန်မာနိုင်ငံ အရှေ့ပိုင်းမှာမူ သစ်တောဟူ၍ မကျန်တော့သလောက်ပင်ဖြစ်သည်။ ဟက်တာ ၁၂ သန်းရှိ သစ်တောဒေသမှာလည်း အကာအကွယ် လုံလုံလောက်လောက် မရှိဘဲဖြစ်နေသည်ဟု Global Forest Watch က ပြောသည်။

သစ်တောပြုန်းတီးမှုကို တိုက်ဖျက်ရာတွင် မည်သည့်အရှေ့တောင်အာရှနိုင်ငံမျှ ကြွားစရာမရှိပါ။ မကြာသေးခင်က ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်အရ အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် ဂေဟစနစ် အပျက်ဆီးဆုံး ဘရာဇီးနိုင်ငံထက်ပင် သစ်တောများ ခုတ်လှဲရာ၌ သာနေသေးသည်ဟု ဆိုသည်။ ၁၉၈၉ ခုနှစ်တွင် သစ်ခုတ်လှဲမှုကို တားဆီးပိတ်ပင်ထားပြီးကတည်းက သစ်တောပြုန်းတီးမှုကို လျော့နည်းသွားအောင် အတော်လေး ထိန်းထားနိုင်ပြီဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ လျော့နည်းကျဆင်းနေဆဲဖြစ်သည်။ ကမ္ဘောဒီးယား အကျင့်ပျက်ဝန်ထမ်းများမှာမူ သစ်တောကို အဓမ္မကျင့်ခြင်းမှ အကျိုးအမြတ် များစွာရရှိနေဆဲ ဖြစ်သည်။

သစ်ပင်ခုတ်လှဲမှုကို ပိတ်ပင်တားဆီးမှုကို နေပြည်တော်ရှိ အစိုးရက အကောင်အထည်ဖော်နိုင်စွမ်းမရှိလျှင် သို့တည်းမဟုတ် မြန်မာနိုင်ငံ၏ သစ်တောအမွေကို ကာကွယ်ရန် နောက်ထပ်ခြေလှမ်းများ လှမ်းဖို့ ပြင်ဆင်မထားလျှင် သဘာဝအတိုင်း ကျန်နေသေးသော သစ်တောများ ပျက်စီးခြင်းမရှိဟု ပြောနိုင်သည့်လက္ခဏာများ တွေ့ရဦးမည် မဟုတ်ပါ။ ယခုထက်ပိုပြီး ထိရောက်စွာ မလုပ်ခဲ့လျှင် တစ်ချိန်က သစ်တောမျိုးစုံကြွယ်ဝလှသည့် နိုင်ငံကြီး လောဘဇောကြောင့် တောင်ကတုံးဖြစ်သွားလိမ့်မည်ဖြစ်သည်။

(ဇူလိုင်လ ၈ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်)

ACM Credit To:Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top