စည်သူအောင်မြင့် ACM Re-Post 4-6-2014
ခုရက်ပိုင်း သတင်းတွေမှာ ဖုံးလွှမ်းနေတာက ဘင်္ဂလားဒေ့ရှ်နယ်စပ်ပြဿနာ အရေးအခင်းပါ။ အများစုသတင်းတွေကလည်း ရဲရဲတောက်မျိုးချစ်စိတ်တွေနဲ့ရေးတဲ့ သတင်းတွေပါ။ မသိရင်ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်က တပ်တွေ အလုံးအရင်းနဲ့ နယ်စပ်မှာ လာချထား၊ မြန်မာဘက်ကလည်း တပ်တွေပို့၊ ရေတပ်က စစ်ရေးလေ့ကျင့် မနက်ြဖန် သန်ဘက်ခါပဲ နှစ်နိုင်ငံ စစ်ပွဲကြီးထဖြစ်တော့မလို ရေးကြ၊ သားကြပါတယ်။အနောက်ဘက် တံခါးကြီး ဘာဖြစ်တော့မယ် ညာဖြစ်တော့မယ် ဆိုကြပါတယ်။ တကယ် ဘာတွေ ဖြစ်နေသလဲ၊ ပြဿနာအတိုင်းအတာ ဘယ်လောက်ကြီးမားလဲ၊ ဒါဟာ စိတ်ပူစရာကောင်းသလားဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
အခုနောက်ဆုံးဖြစ်တဲ့ ပြဿနာက ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာနိုင်ငံ နယ်နိမိတ်ထဲ ကျွံဝင်လာတဲ့ ယူနီဖောင်းဝတ် လက်နက်ကိုင် နှစ်ယောက်ကို မြန်မာတပ်ဖွဲ့တွေက ပစ်ခတ်လို့ တစ်ယောက်သေပြီး လက်နက်ပါ ကျန်ရစ်တဲ့ကိစ္စပါ။ သေဆုံးသူဟာ ရိုဟင်ဂျာ လက်နက်ကိုင်ဖြစ်နိုင်တယ်ဆိုပြီး မြန်မာဘက်က ယူဆပါတယ်။ နောက်တော့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တပ်သားနှစ်ယောက် ပျောက်နေတယ်ဆိုပြီး သိလာရပါတယ်။ နောက်ဆုံး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကို အလောင်းလွှဲပြောင်းပေးတဲ့အခါ သူတို့ တပ်ဖွဲ့ဝင် အလောင်းဖြစ်တယ်ဆိုတာ အတည်ပြုပါတယ်။ ဒီလိုနဲ့ နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ မှားယွင်းမှုဖြစ်စဉ် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလို့ ပြီးသွားပါတယ်။ သိပ်မကြာခင် ရက်ပိုင်းအတွင်း နှစ်ဖက် နယ်စပ် တာဝန်ရှိသူတွေ နယ်ခြားကိစ္စ တွေ့ဆုံဆွေးနွေးကြပါဦးမယ်။
ရှေ့ပိုင်းဖြစ်ခဲ့တဲ့ ပြဿနာတစ်ခုမှာတော့ မြန်မာဘက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်လေးယောက် ကျဆုံးတဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း RSO ဖြစ်တယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ခြေကုပ်ယူပြီး မြန်မာဘက် ၀င်တိုက်တယ် စသဖြင့် အမျိုးမျိုး ပြောကြဆိုကြတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ တိုက်ပွဲမှာ ဒဏ်ရာရပြီး အသက်မသေ ကျန်ရစ်သူ ရဲဝန်ထမ်းတစ်ယောက် ကိုယ်တိုင် ပြန်ပြောတာက တစ်ဖက်က ရန်သူဟာ RSO ဖြစ်သလား၊ ဘာအဖွဲ့လဲဆိုတာ သိဖို့ ဝေးလို့ဘယ်လို ယူနီဖောင်းမျိုး ၀တ်ထားတယ် ဆိုတာတောင် မမြင်လိုက်ရဘူးလို့ ဆိုပါတယ်။ ပြောရရင် ပထမအရေးကြီး တစ်ချက်က သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိဘဲ ဟိုအဖွဲ့ဒီအဖွဲ့ ပြောလို့မရနိုင်ဘူး ဆိုတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် တချို့သော လက်နက်ကိုင် အင်အားစုအသေးလေးတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှာ ခိုလှုံပြီး အရင်ကလည်း မြန်မာနယ်နိမိတ်ဘက် ၀င်တိုက်တာတွေ ရှိတယ်၊ ချောင်းမြောင်း လုပ်ကြံတာ ရှိတယ်၊ ခုလည်း ဒီလို ပြဿနာတွေ ရှိနေတယ်။ ဒါပေမဲ့ ဒါဟာ စိုးရိမ်ရလောက်တဲ့ ပြဿနာမဟုတ်၊ အရေးအကြီးဆုံးအချက်က မြန်မာနိုင်ငံဘက်အခြမ်းမှာ လုံးဝခြေကုပ်ရယူထားနိုင်ခြင်း မရှိသလို မြန်မာ့စစ်တပ်ကိုလည်း အံတုနိုင်တဲ့ အခြေအနေ လုံးဝရှိမနေဘူး ဆိုတာပါပဲ။ ဒါက မြန်မာစစ်တပ်ဘက်က အဆင့်မြင့် အရာရှိ တစ်ယောက် ကိုယ်တိုင်ပြောတာပါ။
အခြားတစ်ဖက်ကဆိုရင်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရကရော စစ်တပ်ကပါ ဘယ်လို လက်နက်ကိုင်အင်အားစုကိုမှ သူ့နိုင်ငံထဲ ခြေကုပ်ယူပြီး မြန်မာနိုင်ငံဘက် တိုက်ခိုက်တာ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ထပ်ခါတလဲ ပြောဆိုခဲ့ဖူးပါတယ်။ အခု နောက်ဆုံးမှာလည်း အဲဒီကတိစကား ပြောပါတယ်။ ဒီအတွက် ခုလိုပဲ တိုက်ပွဲ တွေဖြစ်ရင်၊ သောင်းကျန်းသူလို့ ထင်ရတဲ့ အလောင်းတွေကိုသာရခဲ့ရင် ဘင်္ဂလားဒေ့ရှ် အစိုးရကိုရော၊ စစ်တပ်ကိုပါ မြန်မာဘက်က ကောင်းကောင်း အရေးဆိုနိုင်ပါတယ်။
လက်ရှိ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်မှာ ဖြစ်နေတာနဲ့ နှိုင်းယှဉ်ကြည့်နိုင်အောင် အရှေ့ဘက်နယ်စပ်ကို ကြည့်လိုက်စေချင်ပါတယ်။ ထိုင်းနယ်စပ်မှာဆိုရင် မြောက်ဖျားကနေ တောင်ဖျားအထိ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေ တန်းစီ နေရာယူထားကြပါတယ်။ နှစ်ပေါင်းများစွာကြာ အောင်အိမ်ကြက်ချင်း အိုးမည်းသုတ်ခွပ်သလို ဖြစ်နေတဲ့ အနေအထားအောက်မှာ လက်ခုပ်လက်ဝါးတီး အားပေးအားမြှောက် ပြုရင်း မြန်မာ့သစ်တောနဲ့ သတ္တသယံဇာတတွေ ထုတ်ယူပါတယ်။ တရားမ၀င် ကုန်သွယ်မှုတွေ လုပ်ပါတယ်။ တိုင်းရင်းသား တပ်ဖွဲ့တွေ ကိုင်တဲ့ လက်နက်တွေအားလုံး ထိုင်းနိုင်ငံဘက်အခြမ်းက လာပါတယ်။ ကာလတချို့မှာ တိုင်းရင်းသားတပ်ဖွဲ့တွေဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ထိုင်းနိုင်ငံနယ်မြေ ကားလမ်းတွေ အသုံးပြုပြီး တပ်တွေ ရွှေ့ပြောင်းနိုင်ခဲ့ကြပါတယ်။
တရုတ်နယ်စပ်ကရော ဘာထူးပါသလဲ။ ပိုတောင် ဆိုးတာတွေ့ကြရမှာပါ။ ၁၉၆၈ ဇန်န၀ါရီ ၁ ရက်မှာ ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပ အလံထောင်ပြီး ဗမာပြည်သား နည်းနည်း၊ တရုတ်ဘော်လံတီယာများများဟာ တရုတ်စစ်အကြံပေးတွေ ဦးစီးပြီး တရုတ်လက်နက်ခဲယမ်း မီးကျောက် အပြည့်အစုံနဲ့ တိုက်ပွဲကြီးတွေ ဆင်နွှဲခဲ့ပါတယ်။ လက်ရှိ “၀”နယ်၊ ၈၁၅ လို့ခေါ်တဲ့ ရှမ်းအထူးဒေသ(၄) မိုင်းလား နယ်မြေတွေဟာ အဲဒီပြဿနာရဲ့ ရလဒ်တွေပါပဲ။ ကိုးကန့်နယ်မြေကိုတော့ မြန်မာစစ်တပ် ပြန်သိမ်းလိုက်လို့ မရှိတော့ပါဘူး။
လက်ရှိအစိုးရတပ်နဲ့ ကေအိုင်အေ ကချင်ပြည်လွတ်လပ်ရေးတပ်မတော် တိုက်ပွဲတွေမှာဆိုရင်လည်း ကေအိုင်အေဘက်က အသုံးပြုတဲ့ စစ်လက်နက်ခဲယမ်း အများစုဟာ တရုတ်ပြည်ဘက်က ၀ယ်ယူရတာတွေပါ။ အဲလောက်ဆို ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ တရုတ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ်သဘောထား နားလည်နိုင်ပါပြီ။
တကယ်တော့ မြန်မာနိုင်ငံမှာ လိုအပ်နေတာ ကိုယ့်အမျိုးသားချင်း ကိုယ့်တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးပါ။ ကိုယ့်နိုင်ငံသားချင်း၊ ကိုယ့်နိုင်ငံထဲ အတူနေထိုင်ကြသူ အချင်းချင်းသင့်တင့် အေးချမ်းအောင်နေရေးပါ။ ဒါတွေ မတည်ဆောက်ထားနိုင်ရင် အိမ်နီးချင်းတွေကလည်း လေးစားမှာ မဟုတ်ပါဘူး။ အိမ်ကြက်ချင်းခွပ်နေကြတာကို ဘေးတီး မြှောက်ပင့်ပေးပြီး အင်အားချိနဲ့နေတာကို သဘောကျနေကြမှာ ပါပဲ။
ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိစ္စ ပြန်ကောက်ရရင် ပြီးခဲ့တဲ့နှစ်နှစ် ရခိုင်ပြည်နယ်မှာ အလွန်ဆိုးရွားတဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ ပဋိပက္ခကြီး ဖြစ်ပွားခဲ့ရတာဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ မြှောက်ပေးလို့ မဟုတ်ပါဘူး။ ပြဿနာတွေတက် မီးတွေလောင်ကြတော့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရမီးလောင်ရာလေပင့် မလုပ်ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အိမ်နီးချင်း နိုင်ငံအချင်းချင်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ရှိအောင်ပဲ ကြိုးစားသင့်ပါ တယ်။ ဒီအတွက် အနောက်တံခါးကြီး ဘာဖြစ်တော့မယ် ညာဖြစ်တော့မယ်၊ ဒီနေ့ နက်ဖြန် ဘင်္ဂလားဒေ့ရှ် နဲ့ပဲ စစ်ဖြစ်ရတော့မယ်ဆိုတဲ့ မဟုတ်မမှန် လုပ်ကြံရေးသားဖော်ပြ၊ သွေးထိုး မြှောက်ပင့် ပေးနေကြ၊ မြန်မာ့နိုင်ငံရေး လမ်းလွဲအောင် လုပ်နေကြတာကို မယုံကြည်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။
Aye Chan Mon Credit To: Mizzima - News in Burmese
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment