0

ACM Re-Post 3-6-2014
(ဆောင်းပါးရှင် - မင်းသစ်လွင်)

မနှစ်က “ဤဆိုရိုးစကား၏ နောက်ဝယ်” အမည်ရှိ ဆောင်းပါးတစ်ပုဒ်ကို ရေးသားခဲ့ဖူးပါသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသရေးနှင့် ပတ်သက်သော ခေတ်မီကုသစက်များ မရှိသဖြင့် ပြင်ပဆေးခန်းကြီး တစ်ခုထံမှ ငှားရမ်းကုသပေးခဲ့ပုံကို အကြောင်းပြုပြီး အနာသိက ဆေးရှိ၏ဟူသော စကားပုံကို နယ်ပယ်စုံမှာ ကျင့်သုံးလိုက်နာကြရန် စေတနာဖြင့် တိုက်တွန်း အကြံပြုတင်ပြခဲ့ခြင်း ဖြစ်ပါသည်။ လူဆိုသည်မှာလည်း အသက်တစ်ရာ မနေရသည်သာ ရှိမည်။ ဆေးရုံ၊ ဆေးခန်း မသွားရသောသူဟူ၍ ရှိလိမ့်မည်မထင်ပါ။ တချို့လူနာများဆို ဆေးရုံကို မိမိအိမ်လိုပင် သဘောထားကာ တက်ရောက်ကုသ နေကြရသူများပင် ရှိကြပါသည်။ ဤခန္ဓာကြီး ရရှိနေသရွေ့ ပြင်ဆင်ကုသနေကြရမည်မှာ လောကဓမ္မတာတစ်ခုပင် မဟုတ်ပါလော။

ရန်ကုန်ဆေးရုံကြီးနှင့် စာရေးသူ အလှမ်းဝေးနေသည်မှာ တစ်နှစ်ကျော်ခန့် ကြာပါပြီ။ ဖြတ်သွားဖြတ်လာ အဝေးကပဲ မြင်တွေ့နေရသည်။ ဆေးရုံကြီး သစ်လွင်တောက်ပ၊ တိုးချဲ့ဆောက်လုပ် နေသည်ကိုလည်း မြင်တွေ့ရပါသည်။ နိုင်ငံတော်မှ ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်မှု အစီအစဉ်တွေကို ကော်မတီတစ်ရပ် ဖွဲ့စည်းပေးပြီး ဘဏ္ဍာငွေ ဖြည့်တင်းပေးကာ နိုင်ငံသူနိုင်ငံသားများ အဆင့်မြင့်မြင့် ကုသမှုရရှိစေရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း နိုင်ငံပိုင် သတင်းစာတွေထဲမှာ ရံဖန်ရံခါဆိုသလို ဖတ်ရှုရပါသည်။

ယခုတစ်ခေါက် ရန်ကုန်ဆေးရုံကြီး ၀င်းထဲကိုတော့ ဆေးကျောင်းသား တူတော်မောင် တစ်ယောက်နှင့် တွေ့ဆုံရန် လာရောက်ရခြင်း ဖြစ်ပါသည်။ တူတော်မောင်မှာ ဆေးရုံကြီးတွင် မဟာဘွဲ့အတွက် အနီးကပ်လက်တွေ့ သင်ကြားချက်များကို တက်ရောက်နေသူဖြစ်လို့ သူမအားလပ်တာကြောင့် မိမိက သွားရောက်တွေ့ဆုံရခြင်းပင်။

မိမိရောက်သွားချိန်မှာ တူတော်မောင်တို့ ဆေးကျောင်းသားများ အုပ်စုလိုက် လူနာဆောင်ထဲတွင် လူနာတစ်ဦးချင်းလိုက် ဆရာက ဟောကြားပြသနေသည်ကို သင်ယူနားထောင်နေကြချိန် ဖြစ်ပါသည်။ ပါမောက္ခဆရာကြီး၏ လက်တွေ့သင်ကြားပြသမှုများကို လွတ်မသွားစေရန် အားစိုက်နားထောင် နေကြပုံများကိုလည်း တွေ့မြင်နေရပါသည်။ သူတို့တွေ ကျွမ်းကျင်ပိုင်နိုင်မှသာ သူတို့ကိုယ်တိုင် လက်တွေ့ကုသမှု နယ်ပယ်ထဲသို့ ၀င်လာချိန်မှာတော့ လူနာများအတွက် အကျိုးကျေးဇူး များမယ်မဟုတ်ပါလား။. .

နာရီဝက်ခန့် ကြာသည့်အခါကျမှပင် တူတော်မောင်တစ်ယောက် သူ့ဦးကြီးရှိရာ လူနာဆောင်ပြင်ပသို့ ထွက်လာနိုင်ပါတော့သည်။ ဤသို့ဖြင့် တူဝရီးနှစ်ယောက် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါဌာန အဆောက်အအုံရှေ့တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်ကြီး တစ်ခုထဲသို့ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောရန် ၀င်ထိုင်လိုက်ကြပါတော့သည်။

ဤနေရာတွင် သတိထားမိသည်မှာ လူနာဆောင်နှင့် စားသောက်ဆိုင်သည် မျက်နှာချင်းဆိုင် အနေအထားတွင် ရှိနေခြင်းဖြစ်သည်။ ဆိုင်ထဲမှ ဇွန်းသံ၊ ခက်ရင်းသံ၊ စားပွဲထိုးတွေ၏ မှာကြားသံအဆုံး လာရောက်စားသောက်သူတွေ၏ အပြန်အလှန် စကားပြောသံတွေနှင့်အတူ ဆူညံသံတွေ လူနာဆောင် အခန်းထဲသို့တိုင် ၀င်လာနေခြင်းပင်။ ဆေးရုံတက် လူနာများအတွက် တိတ်ဆိတ်မှုကား ဆိတ်သုဉ်းလေပြီး ရှိရင်းစွဲ ဝေဒနာအပြင် နောက်ဆက်တွဲ ဝေဒနာအသစ်ကို ဆေးရုံမှာ ယူရသလို ဖြစ်နေတော့သည်။

ယင်းအပြင် အဆိုပါ အဆောက်အဦး၏ ဘေးဘက်တောင်ဘက်ခြမ်းက ပို၍ဆိုးသလို တွေ့မြင်ရပါသေးသည်။ လမ်းဘေး ပျံကျဈေးသည်တွေ ဆေးရုံဝင်းထဲ ဆိုင်ဖွင့်ရောင်းချခွင့် ပေးထားခြင်းပင်။ ကျန်းမာရေးနှင့် ပတ်သက်လျှင် အထူးဂရုစိုက်ရသော နေရာဖြစ်သည့် ဆေးရုံကြီးသည် ဤလိုဆိုင်ခန်းများကို ရောင်းချခွင့်ပေးခြင်းမှာ အမြင်မသင့်တော်သည့်အပြင် လူနာနှင့် လူနာစောင့်များကို ရောင်းချနေသော အစားအသောက်များသည်လည်း ကျန်းမာရေးနှင့် ညီညွတ်ပါသည်ဟု မည်သူမျှ အာမမခံနိုင်ပေ။ ယခုလို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေထဲမှာ ပြည်ပမှ ဆေးပညာရှင်ကြီးများ၊ မစ်ရှင်များ၊ ဧည့်သည်တော်ကြီးများကို ဖိတ်ကြားပြီး ဆေးပညာချင်းဖလှယ် လူနာကုသခြင်းတွေလည်း ပါဝင်တာမို့ ရန်ကုန်ဆေးရုံကြီးမှာ ခပ်စိပ်စိပ်ဝင် ထွက်သွားလာနေကြသည်ကို တွေ့မြင်နေရပါသည်။ ယင်းတို့အထင်မှာတော့ အမြင်မတော် ဆင်တော်နှင့် ခလောက်ဖြစ်နေမည်ကို သတိထားမိလိုက်ပါသည်။ ဤကဲ့သို့ ဖြစ်နေသည်မှာ ဆေးရုံကြီးကို စီမံခန့်ခွဲပိုင်ခွင့်ရှိနေသော အုပ်ချုပ်ရေးအဖွဲ့၏ မည်သို့ သဘောထားရှိသနည်းဆိုသည့် အပေါ်မှာ မူတည်မည် ထင်ပါသည်။ လူနာများကို ဈေးနှုန်းသက်သက်သာသာဖြင့် ၀ယ်ယူစားသုံးစေလိုလျှင်လည်း အဆိုပါ ဆိုင်ခန်းများကို သင့်လျော်သည့် သန့်ရှင်းသပ်ရပ်သော အဆောက်အအုံတစ်လုံး တည်ဆောက်ပေးပြီး ရောင်းချစေသင့်ပါသည်။ ကင်တင်းသဘောဖြစ်အောင် ဆိုင်ခန်းခ အနည်းအကျဉ်းသာ (သို့မဟုတ်) ရေ၊ မီးအတွက်သာ ကောက်ခံမည်ဆိုလျှင် နွမ်းပါးချို့တဲ့သည့် လူနာများတွက် အဆင်ပြေနိုင်ပါလိမ့်မည်။

အတွေးကောင်းနေစဉ် တူတော်မောင်၏ စကားသံကြောင့် စိတ်က မိမိတို့ စားပွဲဝိုင်းဆီ ပြန်ရောက်ရ၏။

“ဦး . . . ဟိုမှာ မြင်နေရတဲ့ Training Centre ကို တွေ့လား”။ “အေး အဆောက်အအုံကတော့ ခံ့ညားသားပဲကွ”။ “အဲ့ဒီမှာ ကျွန်တော်တို့ ဆေးကျောင်းသားတွေ တစ်ကြိမ်ပဲ Training တစ်ခု တက်ဖူးတယ်။ နောက်ပိုင်းလုပ်မယ်ဆို အဲဒီခန်းမကို သိန်းချီပေးပြီး ငှားရမယ်တဲ့”။ “ဘယ်သူက ပေးရမှာတုံးကွ၊ ကျောင်းသားလား၊ သင်ပေးတဲ့ ဆရာကလား။ နောက်ပြီး နိုင်ငံ့ဝန်ထမ်း ဆေးပညာ ပေါမောက္ခတစ်ဦးက ဆေးပညာသင်တန်းပေးမှာကို ဆေးကျောင်းသားများက ဒီဆေးရုံဝင်းကြီးထဲက Training Centre မှာ တက်ရောက်သင်ယူကြရာမှာ ခန်းမငှားရမ်းခ ပေးရဦးမယ်ဆိုတော့ မင်းဟာက မလွန်လွန်းဘူးလား။ ပြင်ပကုမ္ပဏီက ငှားရမ်းလုပ်တယ်ဆို ထားဦးကွာ။ အခုဟာက နိုင်ငံတော်ဝန်ထမ်းနဲ့ နိုင်ငံပိုင်ပစ္စည်း အသုံးချခြင်းပဲ။ ရည်ရွယ်ချက်ကလည်းမွန်မြတ် ပညာသင် ဆေးကျောင်းသားတွေ အတွက်လည်း အကျိုးရှိ။ ဒီလို အကျိုးရှိရှိ အသုံးချရာမှာတော့ ငှားရမ်းခ ပေးရမယ် ဆိုတာကြီးက မဖြစ်သင့်ဘူးလို့ ထင်တာပဲ”။ “မသိပါဘူးဦးရာ အဲဒီလိုသတင်းတော့ ထွက်နေတာပဲ”

မေးခွန်းထုတ်စရာများနှင့် စဉ်းစားစရာတွေ ရှိနေပါပြီ။ အုပ်ချုပ်ရေး ၀န်ထမ်းများ အဆင်မပြေ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာများနှင့် ကြုံရလျှင် ယခင် စနစ်ဆိုးကြီးအတိုင်း အာဏာရှင်စနစ်ကို ဖက်တွယ်နေတယ်လို့ စွပ်စွဲရေးသားတတ်ကြတာလည်း စာနယ်ဇင်းတွေ၊ မီဒီယာတွေမှာ မဖတ်ချင်မှအဆုံး။ အမြဲလိုလို နေရာပေါင်းစုံ၊ ဌာနပေါင်းစုံမှ အသံတွေ ဖတ်ရှုကြားသိ နေရသည်ပဲ။ စနစ်သစ်တစ်ခုကို တည်ဆောက်ရာမှာ စနစ်မှာရှိသည့် နည်းစနစ်များ အရေးကြီးသလို ပါဝင်ဆောင်ုရွက် ပတ်သက်နေကြသူများမှာလည်း အရေးပါကြပါသည်။ တာဝန်ယူ ကိုင်တွယ်နေသူများကတော့ ပို၍ပင် အရေးကြီးပါသည်။ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်တတ်ရန် အလွန်အရေးကြီးပါသည်။

ဤ Training Centre ခန်းမတွင် နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း ပစ္စည်းများ ထည့်သွင်းထားသည်ဟု သိရှိရပါသည်။ ရန်ကုန်ဆေးရုံကြီး၌ လက်ချာဟော (စာသင်ခန်း) နှစ်ခန်း ရှိသည်ဟုလည်း ကြားသိရပါသည်။ အဆိုပါ စာသင်ခန်းများမှာ သာမန်ကျောင်း စာသင်ခန်းများဖြစ်ပြီး အီလက်ထရွန်နစ် သင်ထောက်ကူအတွက် မည်သည့်အဆင့်မြင့် ပစ္စည်းမျှ တပ်ဆင်ထားခြင်း မရှိပါ။ ယခုလို အိုင်တီခေတ်ကြီးမှာ နောက်ဆုံးပေါ် ပညာရပ်များ၊ ဘာသာရပ်များကို နိုင်ငံတကာနည်းတူ လေ့လာဆည်းပူးစေလိုလျှင် Training Centre ကြီးကဲ့သို့ ပစ္စည်းများ တပ်ဆင်ထားရန် လိုမည်ထင်ပါသည်။

နိဂုံးချုပ်အနေနှင့် တင်ပြရလျှင် ပြည်သူ့ဆေးရုံဟူသည် ဆေးရုံတစ်ခု၏ ဂုဏ်အင်္ဂါရပ်တွေနှင့် ပြည့်စုံနေရန် လိုပါသည်။ ကျန်းမာရေးဆိုင်ရာ ရောဂါကုသမှု ပြုလုပ်ရာနေရာ ဖြစ်သည့်အတွက်လည်း သန့်ရှင်းသပ်ရပ်မှုကို ဦးစားပေးရမည့်အပြင် ကျန်းမာရေးနှင့် မညီညွတ်သော အရာမှန်သမျှကိုလည်း ဖယ်ရှားရမည် ဖြစ်ပါသည်။ နောက်ဆုံးပေါ် ဆေးဝါး၊ နောက်ဆုံးပေါ် စက်ကြီးများနှင့် ရောဂါအားလုံးအတွက် မကုသပေးနိုင်သေးသည့်တိုင် မိမိတို့ ဆောင်ရွက်နိုင်သမျှသော လုပ်ငန်း၊ ၀န်ဆောင်မှုတွေကိုဖြင့် အဆင့်မြင့်မြင့် တွေးခေါ်ပြီး လုပ်ကိုင်မည်ဆိုပါက ပြည်သူတွေအတွက် ကျန်းမာရေး၊ လူမှုရေး ကောင်းကျိုးရလဒ်တွေကို ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

(ရန်ကုန်ဆေးရုံကြီးဝင်း အတွင်းတစ်နေရာကို တွေ့ရစဉ်)

Aye Chan Mon Credit To :Eleven Media Group
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
2

Post a Comment

 
Top