0

ACM Re-Post 3-6-2014
Written by: ဘိုဘိုမြင့်(မော်လမြိုင်)

သံလွင်တံတား(မော်လမြိုင်) တွင် ဇွန် ၁ ရက် ည ၈ နာရီ ၃၀ မိနစ်၌ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားကာ လူ ၁၂ ဦးဒဏ်ရာရရှိပြီး တံတားလက်ရန်းတချို့ပျက်စီးခဲ့သည်။

ဖြစ်စဉ်မှာ မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ (၉၃၆) ထောက်ပို့တပ် (ဘားအံ) မှ ဒုတပ်ကြပ် အောင်အောင်မောင်းနှင်လာသော Faw ကားသည် သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက်ကမ်း (RP-1) အနီးတွင် အရှိန်မထိမ်းနိုင်ဘဲ မုတ္တမဘက်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း ကိုသန်းထွန်းဦး မောင်းနှင်လာသော တိုယိုတာဟိုင်းလတ်အမျိုးအစားယာဉ်အား တိုက်မိပြီးနောက် တံတားလက်ရန်းအား တိုက်မိခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် Faw ကားပေါ်တွင်ပါလာသူ စစ်သည်ငါးဦးနှင့် တိုယိုတာဟိုင်းလတ်ယာဉ်ပေါ်ပါ အမျိုးသားခုနစ်ဦး စုစုပေါင်း ၁၂ ဦးဒဏ်ရာရရှိပြီး တံတားလက်ရန်းတချို့ပျက်စီးခဲ့သည်။

"ကျွန်တော် ပင်မတံတားပေါ်ရောက်တဲ့အချိန်မှာ မျက်နှာချင်းဆိုင်မှာ ကားနှစ်စီးအရှိန်နဲ့မောင်းလာတာတွေ့ရတယ်။ ကားကြီးက ကားသေးကိုကျော်တက်ဖို့ ခေါင်းထုတ်လိုက် ပြန်သိမ်းလိုက်လုပ်နေတယ်။ နောက်ဆုံးအနားရောက်မှ တစ်ဖက်ယာဉ်ကြောကနေ ကျွန်တော့်ယာဉ်ကြောထဲကိုဝင်ပြီး ကားရဲ့ဘယ်ဘက်ခြမ်းကို ၀င်တိုက်သွားပါတယ်။
မန်းရွှေမြို့တော်တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့တဲ့ ဘောလုံးသမားလေးတွေထဲက ခုနစ်ဦးလောက် ထိခိုက်ဒဏ်ရာရပြီး မော်လမြိုင်ဆေးရုံကြီးကို တင်ပို့ထားပါတယ်" ဟု တိုယိုတာဟိုင်းလတ်ယာဉ်မောင်း ကိုသန်းထွန်းဦးကဆိုသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် တံတားအား လေးနာရီခန့် ပိတ်ထားခဲ့ရကြောင်း၊ ပျက်စီးသွားသော တံတားလက်ရန်းတန်ဖိုးအား သက်ဆိုင်ရာဆောက်လုပ်ရေးဝန်ကြီးဌာနမှ စစ်ဆေးလျက်ရှိကြောင်း၊ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဒုတပ်ကြပ် အောင်အောင်အား ယာဉ်(ပ)၁၃/၂၀၁၄ ပြစ်မှုဆိုင်ရာပုဒ်မ ၃၃၈/ ၃၃၇ အရ မုတ္တမနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မုတ္တမရဲစခန်းမှ တာဝန်မှူးက ပြောကြားသည်။

သံလွင်တံတား (မော်လမြိုင်) ပေါ်တွင်ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကြောင့် ပျက်စီးသွားသော ထောက်ပို့တပ်မှ ယာဉ်အားတွေ့ရစဉ်

Aye Chan Mon Credit To : Excellence Media Group
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
2

Post a Comment

 
Top