Published on: June 16, 2014
Written by: နီလာ
မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် တရုတ်နိုင်ငံသားများ အ၀င်အထွက် များနေသဖြင့် စစ်ဆေးလျက်ရှိရာ ငါးရက်အတွင်း တရားမ၀င် ၀င်ရောက်လာသူ ၃၅ ဦးကို လ၀က အက်ဥပဒေဖြင့် ဖမ်းဆီး အရေးယူထားကြောင်း မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။
“အခုရက်ပိုင်းအတွင်း မူဆယ်-နမ့်ခမ်း တရုတ်နယ်စပ်မှာ တရုတ်နိုင်ငံသားတွေ အ၀င်အထွက် များနေတဲ့အတွက် ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အဲဒီအတွက် ရေတိုရေရှည် စီမံချက်တွေ ရေးဆွဲပြီး ဆောင်ရွက်နေတာပါ။ ရေတိုအနေနဲ့တော့ အခုချိန်မှာ လောလောဆယ် ခရိုင်အတွင်းမှာရှိတဲ့ ၀န်ထမ်းတွေနဲ့ နိုင်ငံခြားသားများ မတရားဝင်ရောက်မှု ကာကွယ်ရေးအဖွဲ့တွေနဲ့ပေါင်းပြီး ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်တာ ဒါက ရေတိုစီမံချက်ပေါ့” ဟု မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကိုက ပြောကြားသည်။
ယင်းကဲ့သို့ ရှောင်တခင် စစ်ဆေးမှုများအရ ဇွန် ၅ ရက်မှ ၉ ရက်အထိ ငါးရက်အတွင်း တရားမ၀င် ၀င်ရောက်လာသူ ၃၅ ဦးအထိ ရှိနေကြောင်း၊ ၎င်းတို့အား မူဆယ်မြို့နယ် တရားရုံးနှင့် နမ့်ခမ်းမြို့နယ် တရားရုံးတို့တွင် လ၀က အက်ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ရာ၌ (၁) တရုတ်နိုင်ငံသား ဖြစ်ရမည်။ (၂) passport၊ ဗီဇာကိုင်ဆောင်ထားခြင်း ရှိ၊ မရှိနှင့် (၃) နယ်စပ်ဖြတ်သန်းခွင့်စာအုပ် (BP)ကိုင်ဆောင်ထားခြင်း ရှိ၊ မရှိ စသည့်အချက်များအပေါ် အခြေခံကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
“တစ်နိုင်ငံနဲ့ တစ်နိုင်ငံကိစ္စ ဖြစ်တဲ့အတွက် အခု ဒီဘက်ကို ၀င်ရောက်လာတဲ့အခါမှာ နယ်စပ်ဖြတ်ကျော်တဲ့ passport ဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း ဗီဇာပေါ့။ တစ်ခုခုပါသလား ဒါမှမဟုတ် နယ်စပ်ဖြတ်သန်းခွင့်ဖြစ်တဲ့ စာအုပ်ပါသလား၊ အဲဒီမှာ များသောအားဖြင့် တရားဝင်ခွင့်ပြုချက် တစ်စုံတစ်ရာ မပါတာ များတယ်။ ဒါကြောင့် တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ လ၀က အက်အရ အရေးယူတယ်” ဟု ဦးဝင်းကိုက ဆက်လက်ပြောကြားသည်။
နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်၏ ၀င်ထွက်ပေါက်များမှ တရားဝင်မဟုတ်ဘဲ ၀င်ရောက်နေမှုများမှာ အချို့နေရာများ၌ နယ်မြေဒေသအရသော် လည်းကောင်း၊ ပထ၀ီ အနေအထားအရသော် လည်းကောင်း၊ ကုန်းကြောင်းဖြင့် လည်းကောင်း ၀င်ရောက်လာနိုင်သည့်အတွက် တားဆီးနိုင်သည့် အနေအထား မရှိသော်လည်း သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ် နယ်စပ်ဂိတ် မူဆယ်မှ တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass-TBP) အစောင်ရေ ၆၀၀၀ နှင့် ၇၀၀၀ ကြား၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass-BP) အစောင်ရေ ၃၀၀၀ ခန့် နေ့စဉ်ထုတ်ပေးနေရကြောင်း သိရသည်။
နှစ်နိုင်ငံ ကူးသန်းသွားလာရန် ဖွင့်လှစ်ထားသည့် မြန်မာ-တရုတ် နယ်စပ်ဂိတ်တစ်ခုကို တွေ့ရစဉ်
Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment