ACM Re-Post 2-6-2014
Written by: ကျော်ထင်
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသေးစားချေးငွေများ ထုတ်ချေးပေးသည့် အစီအစဉ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အလွဲသုံးစား လုပ်မှုများ ရှိနေရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်ပြမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
အလွဲသုံးစားလုပ်မှုဟု ဆိုရာတွင် ဆင်းရဲသားပြည်သူများအား ချေးပေးရန်ငွေများကို ပွင့်လင်းမြင်သာမှုမရှိဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၎င်း၏မိသားစု လေးငါးဦးမှ ချေးယူခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဆင်ပြေသည့် သူများအား တစ်မိသားစုတည်းတွင် လေးငါးဦးခန့် ထုတ်ချေးပေးခြင်း စသည့်ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။
အသေးစားချေးငွေ အစီအစဉ်မှာ ဆင်းရဲနွမ်းပါးမှုအတွက် ရည်ရွယ်သည့်အတွက် အမှန်တကယ် ဆင်းရဲသည့်သူများကို ဦးစားပေး ထုတ်ချေးပေးရမည်ဖြစ်ပြီး တစ်အိမ်ထောင်လျှင် တစ်ဦးသာ ချေးယူခွင့်ပြုပြီး သက်သာသည့် အတိုးနှုန်းဖြင့်သာ အစိုးရသို့ ပြန်သွင်းရသည်ဟု သိရသည်။ ထိုသို့ အတိုးနှုန်း သက်သာမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိသားစု လေးငါးဦးနာမည်ဖြင့် ငွေချေးယူပြီး ပြင်ပတွင် မြင့်မားသော အတိုးနှုန်းဖြင့် ငွေပြန်ချေးမှု ရှိသည်ဟု သိရသည်။
“ဒါ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ချေးပေးတာပါ။ ဒါပေမဲ့ ဘယ်သူ့ကို ချေးပေးမယ်ဆိုတာ အစိုးရက ပွင့်ပွင့်လင်းလင်း မရှိဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မိသားစု လေးငါးဦး ချေးယူတယ်။ လူရွေးပြီးချေးတယ်။ သူတို့နဲ့ အဆင်ပြေတဲ့ သူတွေကို ချေးတယ်။ အတိုးနှုန်း သက်သာတဲ့အတွက် ဒီကချေးပြီး အပြင်မှာ အတိုးကြီးနဲ့ ပြန်ချေးတယ်။ ငွေကို လှည့်တာပေါ့။ ဒါ မဖြစ်သင့်ဘူး။ ဒါကြောင့် လွှတ်တော်မှာ တင်ပြမယ်။ အရင်တင်ပြခဲ့တာတွေတော့ ရှိတယ်။ ဒါပေမဲ့ ပြန်မဖြေပေးသေးတဲ့အတွက် အသေးစိတ် ပြန်တင်မယ်” ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့တွင်း တစ်နေရာ၌ အမှိုက်လှည်းနေသည့် ဆင်းရဲနွမ်းပါးသော ကလေးငယ်တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Aye Chan Mon Credit To:Eleven Media Group
https://www.facebook.com/excellencemedia
ayechanmon-news1.com

Post a Comment