ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Mr. Tom Malinowski ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး အစိုးရ၊ တပ်မတော် အပါအဝင် နိုင်ငံရေးအင်အားစု အားလုံးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဇွန်လ ၂၂ ရက်မှ ၂၈ ရက်နေ့အထိ တစ်ပတ်ကြာမြင့်မည့် မြန်မာခရီးစဉ်အတွင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များ၊ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း ဇွန်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အမေရိကန် နိုင်ငံခြားရေး ကိုယ်စားလှယ်အဖွဲ့ အနေနှင့် နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၊ ပြုပြင်ပြောင်းလဲရေး အခြေအနေနှင့် ဒေသဆိုင်ရာ ပြဿနာများကို ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ပြောဆိုသည်။
ခရီးစဉ်အတွင်း တပ်မတော် ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမည် ဖြစ်ပြီး၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့် တာဝန်သိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများကို ဆွေးနွေးမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထပ်လောင်း ဖော်ပြထားသည်။
အမေရိကန်ကိုယ်စားလှယ် အဖွဲ့သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များသို့လည်း သွားရောက်မည် ဖြစ်ကြောင်း၊ ထို့နောက် နေပြည်တော်သို့ သွားရောက်မည့် ခရီးစဉ်တွင် အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဒုတိယလက်ထောက် ကာကွယ်ရေးဝန်ကြီး၊ ပစိတ်ဖိတ်ဒေသဆိုင်ရာ ဒုတိယ ဗိုလ်ချုပ်ကြီးတို့ ထပ်မံလိုက်ပါကာ မြန်မာအစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။
Aye Chan Mon Credit To: The Voice Weekly
http://
Post a Comment