0


မို့မို့ကြည်| ACM Re-Post 5-6-2014

ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ဖလားဘောလုံးပွဲသို့ သွားရောက်ကြည့်ရှုလိုသည့် မြန်မာပရိသတ် အများအပြားရှိသော်လည်း ဘောလုံးပွဲလက်မှတ်များ ၀ယ်ယူ၍ မရသောကြောင့် မြန်မာပရိသတ် ၂၀ ဦးကိုသာ ဘရာဇီးနိုင်ငံသို့ ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်ဟု အဆိုပါ ခရီးစဉ်ကို စီစဉ်သည့် ဂန္ထ၀င်ရွှေပုဂံခရီးသွားကုမ္ပဏီ ရန်ကုန်ရုံးချုပ်မှ တာဝန်ရှိ အမျိုးသမီးတစ်ဦးက ဇွန်လ ၄ ရက်တွင် မဇ်္ဈိမကို ပြောသည်။

အထက်ပါခရီးစဉ်တွင်လိုက်ပါမည့် မြန်မာပရိတ်သတ်များအနေဖြင့် ဇွန်လ ၁၆ ရက်တွင်ယှဉ်ပြိုင်မည့် ဂျာမန်နှင့် ပေါ်တူဂီ ပွဲစဉ်၊ ဇွန် ၁၈ ရက်တွင်ယှဉ်ပြိုင်မည့် သြစတေးလျနှင့် နယ်သာလန် ပွဲစဉ်နှစ်ပွဲကိုသာ ကြည့်ရှုခွင့်ရရှိမည်ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

“ ကမ္ဘာ့ဖလားသွားကြည့်မယ် ခရီးသည်ကို အမတို့ကုမ်္ပဏီအနေနဲ့ ကန့်သတ်ထားတာမရှိပါဘူး။ ပွဲစဉ်လက်မှတ်က၀ယ်လို့ မရလို့ အယောက်၂၀ကိုပဲ ပို့ဖြစ်သွားတာပါ။ နောက်ထပ်ပွဲစဉ်တွေကို လိုက်ကြည့်ချင်တဲ့ သူတွေလည်းရှိပါတယ်။ ပွဲစဉ်လက်မှတ်ရရင်တော့ သွားမှာပါ ” ဟုလည်း ၎င်းကပြောသည်။

ကမ္ဘာ့ဖလားဘောလုံးပွဲသို့ သွားရောက်ရန်အတွက် ကန်ဒေါ်လာ တစ်သောင်းနှစ်ထောင့်လေးရာ ကုန်ကျမည်ဖြစ်သည်ဟု ဂန္ထ၀င်ရွှေပုဂံခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယင်းငွေမှာ ဘောလုံးပွဲ လက်မှတ်ခ၊ အသွားအပြန်လေယာဉ် လက်မှတ်ခနှင့် တည်းခိုစရိတ်တို့အတွက်သာ အကျုံးဝင်ပြီး အစားအသောက်နှင့် တခြားအလည်အပတ်ခရီးစရိတ်များအတွက် ပါရှိမည်မဟုတ်ဟု ၎င်းက ပြောသည်။

“ ပွဲစဉ်လက်မှတ်တွေက အခုတောင် ၀ယ်လို့မရတော့ဘူး။ ဒီပွဲစဉ်တွေမှာတောင် လက်မှတ်ခက ဒေါ်လာ တစ်ထောင်ပတ်ဝန်း ကျင်လောက်ရှိတယ်။ နောက်ပိုင်းပွဲတွေက ဒေါ်လာနှစ်ထောင်ကျော်မယ်။ ဖိုင်နယ်ပွဲ စဉ် လက်မှတ်ခဆို ဒေါ်လာငါးထောင်ကျော် မယ်။ နောက်ပိုင်းပွဲတွေကြည့်မယ်ဆိုရင် ကုန်ကျစရိတ်က ပိုများသွားမယ် ” ဟု ဂန္ထ၀င်ရွှေပုဂံခရီးသွားကုမ္ပဏီ ရန်ကုန်ရုံးချုပ်မှ တာဝန်ရှိအမျိုးသမီးတစ်ဦးက ပြောသည်။

ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲသို့ သွား ရောက်ကြည့်ရှုမည့် မြန်မာပရိသတ် ၂၀ ဦးတွင် အမျိုးသား ဆယ်ဦးနှင့် အမျိုးသမီး ဆယ်ဦး ပါဝင်မည်ဖြစ်ပြီး ဇွန်လ ၁၄ ရက် တွင် မြန်မာနိုင်ငံမှစတင်ထွက်ခွာ၍ ဇွန်လ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်ဟုလည်း ဂန္တ၀င်ရွှေ ပုဂံခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမ္ဘာ့ဖာလားဘောလုံးပြိုင်ပွဲကို ဇွန် လ ၁၂ ရက်မှ ဇူလိုင်လ ၁၃ ရက်အထိ ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ် မည်ဖြစ် သည်ဟု ကမ်္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

အကြိမ် ၂၀ မြောက်အဖြစ် ကျင်းပမည့် ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု လက်ရွေးစင် ဘောလုံးအသင်း ၃၂ သင်းပါ ၀င်ယှဉ်ပြိုင်မည်ဖြစ်သည်ဟုလည်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Aye Chan Mon Credit To: Mizzima - News in Burmese
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top