0
ရန်ကုန်၊ ACM Re-Post 19-6-2014

အငြင်းပွားမှုများ ထွက်ပေါ်နေသော တက္ကသိုလ်ဆရာ၊ ဆရာမ ရာထူး အပြောင်းအရွှေ့ကို နိုင်ငံတစ်ဝန်း ပညာရေးဝန်ကြီးဌာန လက်အောက် တက္ကသိုလ်များတွင် ဇွန်လ ၁၇ ရက်နေ့က စတင် ထုတ်ပြန်ခဲ့ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက The Voice သို့ ပြောကြားသည်။

အပြောင်းအရွှေ့ စာရင်းများကို သက်ဆိုင်ရာ တက္ကသိုလ်များထံ ပေးပို့ထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အချင်းချင်း အကဲဖြတ်စနစ်နှင့် ပြောင်းလဲမည်ဟု ကြေညာထားသော်လည်း ဇွန်လ ၁၇ ရက်နေ့ အပြောင်းအရွှေ့ စာရင်းကို ယခင် စနစ်ဟောင်းဖြင့်သာ ထုတ်ပြန်ခဲ့ကြောင်း၊ တက္ကသိုလ်ဆရာ၊ ဆရာမသမဂ္ဂ အဖွဲ့ဝင်အများစု ရာထူး အပြောင်းအရွေ့တွင် ပါဝင်နေကြောင်း ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂ အဖွဲ့ဝင် ဦးအာကာမိုးသူက ပြောဆိုသည်။
“Transfer (အပြောင်းအရွေ့) ထိတဲ့ သမဂ္ဂဝင်တွေ အများကြီး တွေ့ရတယ်။ အပြင်က ဆရာ၊ ဆရာမတွေလည်း များတယ်” ဟု ၎င်းကဆိုသည်။

ပညာရေး ဝန်ကြီးဌာနနှင့် ပညာရှင်များ ကြိုက်နှစ်သက်မှု မရှိသောကြောင့် ရာထူးအပြောင်းအရွှေ့တွင် အကဲဖြတ်စနစ် ကျင့်သုံးမှုကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်စနစ်ဟောင်းအတိုင်း လုပ်သက်၊ သက်ပြည့်နှစ်နှင့် ဦးစားပေး လျှောက်ထားမှုအပေါ် လိုက်၍ အပြောင်းအရွှေ့ ပြုလုပ်ထားကြောင်း မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက ပြောကြားသည်။

“ဒီတစ်ခေါက်တော့ လျှောက်တဲ့သူတိုင်း ပါတယ်။ ဒီတက္ကသိုလ်မှ မရရင် မသွားဘူးဆိုတဲ့ သူတစ်ယောက်ကတော့ ကျန်ခဲ့တယ်။ ဒါပေမဲ့ ဘာ Complaint (ပြဿနာ) မှ မရှိဘူး” ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

ရာထူးအပြောင်းအရွှေ့တွင် ဌာနတွင်း အချင်းချင်း အကဲဖြတ်စနစ် သုံးစွဲမည်ဟု ဆိုကာ ဇွန်လ ၉ ရက်မှ ၁၃ ရက်နေ့အထိ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) နှင့် (အထက်မြန်မာပြည်) လက်အောက် တက္ကသိုလ်များထံ အကဲဖြတ်စစ်တမ်းများ ကောက်ယူခဲ့သည်။

တက္ကသိုလ် ဆရာ၊ ဆရာမများ ရာထူးအပြောင်းအရွှေ့ကို အမြန်ဆုံး ထုတ်ပြန်ပေးရန် ဇွန်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (ယာယီ) က ကြေညာထားခဲ့သည်။

Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top