Published on: June 24, 2014
Written by: ဝေယံဖြိုးဦး၊ မျိုးမင်းထက်
လက်ရှိအချိန်ထိ တပ်မတော်မှ သိမ်းဆည်းထားသည့် လယ်ယာမြေများအနက် ဧကနှစ်သိန်းကျော် ပြန်လည်စွန့်လွှတ်ပေးပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က နေပြည်တော်တွင် ဇွန် ၂၄ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် မွန်ပြည်နယ်၊ ရေးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိမြင့်သန်း၏ မေးခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
တပ်မတော်အနေဖြင့် သိမ်းဆည်းမြေကိစ္စများနှင့် ပတ်သက်လျှင် စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး အကြောင်းရင်းခိုင်မာကာ မြေယာမစွန့်လွှတ်နိုင်ခြင်း၊ တစ်စိတ်တစ်ဒေသ စွန့်လွှတ်ခြင်းနှင့် အားလုံးစွန့်လွှတ်ပေးခြင်းများကို ခွဲခြားဆောင်ရွက်ပေးခဲ့ရာတွင် စွန့်လွှတ်မြေဧက စုစုပေါင်း ၂၀၉၁၄၇ ဒသမ ၁၀၅ ဧက စွန့်လွှတ်ပေးပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ကျော်ညွန့်က ထည့်သွင်းပြောကြားသည်။
“ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲအတွင်းရှိ မောရ၀တီ ရေတပ်စခန်းအဖြစ် သိမ်းဆည်းထားသော ကုလားကုတ်ကျွန်းအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ၊ မရှိ” ကို ရေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိမြင့်သန်း၏ မေးခွန်းအား ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က “မောရ၀တီ ရေတပ်စခန်းဌာနချုပ်ပိုင် ကုလားကုတ်ကျွန်းမြေ ၃၅၂၅ ဧကအား တပ်ပိုင်မြေအဖြစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာအရ လိုအပ်ချက် ရှိသောအခါတွင် ဒေသန္တရဈေးနှုန်းဖြင့် လျော်ကြေးပေးချေကာ ဖယ်ရှားစေမည်” ဟု ပြန်လည်ဖြေကြားသည်။
လက်ရှိတွင် အဆိုပါနေရာ၌ တပ်နေရာချထားခြင်းများ မရှိဘဲ မူလနေထိုင်သူများကိုသာ ဆက်လက်လုပ်ကိုင် နေထိုင်စေလျက်ရှိပြီး အနာဂတ်တွင် လိုအပ်ပါက အသုံးပြုနိုင်ရန်အတွက် ရည်စူးဆောင်ရွက်လျက် ရှိသည့်အတွက် လုံးဝအပြီးအပိုင် ပြန်လည်ပေးအပ်ရန် အစီအစဉ် မရှိပါကြောင်း ၎င်းကဆိုသည်။
“လယ်ယာမြေများနဲ့ ပတ်သက်လို့ မရှင်းလင်းမှုများ၊ ပြည်သူများရဲ့ ဆန္ဒများ ဖော်ထုတ်ရေးသားလာရင်လည်း နိုင်ငံတော်နှင့် တပ်မတော်အဆင့်ဆင့် တာဝန်ရှိသူများထံ အမြန်ဆုံးတင်ပြပြီး ပြည်သူများရဲ့ ရင်တွင်းဆန္ဒအမှန်ကို တင်ပြဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ဆိုသည်။
လယ်ယာမြေသိမ်းဆည်းခြင်းနှင့် ပတ်သက်၍ တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မြေအဖြစ် သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာအပိုင်း (၁) အဖြစ် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပြီး အတည်ပြုခဲ့ပြီးဖြစ်သည်။
ထိုအစီရင်ခံစာတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်သို့ ရောက်ရှိလာသော (၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၄ ရက်) အထိ တင်ပြ/တိုင်ကြားစာများမှ တပ်မတော်မှ သိမ်းဆည်းသည့် လယ်ယာမြေကိစ္စများအရ စုစုပေါင်း ၂၄၇၀၇၇ ဒသမ ၀၆ ဧကရှိကြောင်း သိရသည်။
Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment