0




နေအိမ်တွင် အလှဆင်သည့် အဆောင်အယောင် တစ်ခုအနေဖြင့်ဖြစ်စေ၊ လာဘ်လာဘ ယုံကြည်မှုအရဖြစ်စေ၊ ဝါသနာအရဖြစ်စေ ငါးမွေးကြသူများ ရှိသည်။ အလှမွေးငါးယဉ်ကျေးမှု ကျယ်ပြန့်ထွန်းကားလာခြင်းနှင့်အတူ လှပသော၊ အရောင်အသွေး စုံလင်တောက်ပသော၊ ရှားပါးသောငါးမျိုးစိတ် အမျိုးမျိုးကိုလည်း ငါးချစ်သူများက အလေးအနက် ရွေးချယ်ဝယ်ယူလာကြသည်။
ထိုအခါ အလွန်ရှားပါးသော ငါးမျိုးစိတ်များကို တန်ဖိုးကြီးမားစွာဖြင့် ဝယ်ယူပြီး တခုတ်တရ မွေးမြူမှုများလည်း ရှိလာသည်။ ငါးများ၏တန်ဖိုးသည် ၎င်းတို့ကို ဖမ်းယူစုဆောင်းရန် ခက်ခဲသည့်အခါတွင် ပိုမိုမြင့်တက်သွားတတ်သည်။
အလှမွေးငါးကန်လေးများသည် ကလေးငယ်များအတွက် သဘာဝတရားနှင့် ပတ်ဝန်းကျင် ဂေဟစနစ်တို့ကို ချစ်ခင် တန်ဖိုးထားတတ်စေရန် သွန်သင်ပေးနိုင်သည့် ပစ္စည်းလေးများ ဖြစ်သည်။ နေအိမ်အလှအပကို ပိုမိုထည်ဝါစေသည့် အဆောင်အယောင်လေးလည်း ဖြစ်သည်။ ငါးချစ်သူတို့အတွက် စိတ်ပျော်ရွှင် နှစ်မြှုပ်ရာ နယ်ပယ်လေး တစ်ခုလည်း ဖြစ်သည်။
အဆိုပါ ငါးကန်လေးများတွင် ထည့်သွင်းမွေးမြူလေ့ရှိသည့် ငါးများအနက်မှ တန်ဖိုးအကြီးဆုံး အလှမွေးငါးမျိုးစိတ် (၁၀)ခုကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။

၁၀။ Candy Basslet (ဒေါ်လာ ၁,၀၀၀)



အလှမွေး ငါးမျိုးနွယ်များ အားလုံးတွင် အရောင်အသွေး ရွှမ်းစိုတောက်ပဆုံး မျိုးစိတ်တစ်ခုအဖြစ် Candy Bassletကို အသိအမှတ် ပြုလေ့ရှိသည်။
ကာရေဘီယန် ဒေသတွင် အများဆုံး ရှင်သန်ပေါက်ဖွားပြီး ကူရာကာရို ကမ်းရိုးတန်း အနီးတွင် ကျက်စားလေ့ရှိသည်။
ပင်လယ်ထဲကနေ နေအိမ်ဧည့်ခန်းထဲရှိ ငါးမွေးကန်လေးထဲ ရောက်ရှိလာအောင် ယူဆောင်ရန် ခက်ခဲလွန်းသော်လည်း လက်တွေ့ မွေးမြူရာတွင် အဆင်ပြေပြီး အကြမ်းပတမ်းခံသည့် ငါးမျိုးဖြစ်သည်။
Candy Bassletများကို လှောင်ကန်အတွင်း၌ သားဖောက်သည့် နည်းစနစ် အောင်မြင်လာသည့်နောက် ၎င်း၏ ဈေးနှုန်းသည် လက်ရှိထက် ပိုမိုလျော့ကျလာမည့် အလားအလာမျိုး ရှိနေသည်။

၉။ Clarion Angelfish (ဒေါ်လာ ၂,၅၀၀)



မက္ကဆီကိုကမ်းလွန်ရှိ ပစိဖိတ်သမုဒ္ဒရာထဲတွင် နေထိုင်ကျက်စားလေ့ရှိပြီး အဆိုပါဒေသတွင် အလှဆုံး အပူပိုင်းဇုန် ငါးမျိုးစိတ်တစ်ခုအဖြစ် သတ်မှတ်ခံရသည်။
ရာဗီလာဂျီဂီဒိုကျွန်း အနီးတစ်ဝိုက်တွင် ၎င်းတို့ကို ဖမ်းယူရရှိတတ်ပြီး ကလစ်ပါရီတွန်ကျွန်း အနီးတွင်လည်း ကျက်စားလေ့ရှိသည်။
ကိုယ်ထည်အရောင် တောက်ပပြီး Angelfish မျိုးနွယ်ဝင်ပီပီ ပြားချပ်သော ကိုယ်ထည်မျိုးရှိသည်။ အိမ်မွေးငါးအဖြစ် သတ်မှတ်ခံရသည်မှာ နှစ်ပေါင်း(၄၀)မျှ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဈေးကွက်ထဲတွင် ရှာဖွေတွေ့ရှိရန် အလွန်ခက်သည့် မျိုးစိတ်ဖြစ်သည်။
အဓိက အဟန့်အတားမှာ မက္ကဆီကိုအစိုးရက ၎င်းငါးများကို နိုင်ငံ၏ သယံဇာတတစ်ခုအဖြစ် သတ်မှတ်ထားပြီး ပြည်ပသို့ တင်ပို့ရာတွင် အကန့်အသတ်များ ထားရှိနေခြင်းကြောင့် ဖြစ်သည်။

၈။ Wrought Iron Butterflyfish (ဒေါ်လာ ၂,၇၀၀)



ဂျပန်ကမ်းလွန်တွင် နေထိုင်ကျက်စားပြီး အလျား(၆)လက်မထိ ကြီးထွားတတ်သည့် ငါးမျိုးစိတ်ဖြစ်သည်။
Butterflyfish ငါးမျိုးနွယ် မိသားစုတွင် အရှားပါးဆုံးအဖြစ် သတ်မှတ်ခံထားရသည်။ ဈေးနှုန်းအရလည်း အမြင့်ဆုံးဖြစ်သဖြင့် Butterflyfish ငါးချစ်သူတိုင်း လက်လှမ်းမမီနိုင်သည့် အခြေအနေ ဖြစ်သည်။
Wrought Iron Butterflyfish များသည် မြောက်အမေရိက ဈေးကွက်သို့ ရောက်ရှိမှု အလွန်နည်းပြီး အာရှတိုက်တွင်သာ အဓိက မွေးမြူလေ့ရှိသည်။
အလွန်တက်ကြွလှုပ်ရှားသည့် ငါးလေးများသည် မှန်လှောင်အိမ်၏ ဟိုမှသည်ဘက်သို့ မြန်မြန်ဆန်ဆန် ကူးခတ်ဆော့ကစားနေလေ့ရှိခြင်းက မျက်စိပသာဒ ဖြစ်လောက်စရာ မြင်ကွင်းမျိုးဟု ဆိုနိုင်သည်။

၇။ Australian Flathead Perch (ဒေါ်လာ ၅,၀၀၀)



အလွန်ရှားပါးသည့် ငါးမျိုးစိတ်တစ်ခုဖြစ်ပြီး ဖမ်းဆီးမိပြီး ရောင်းချသည့်အခါတွင် ဒေါ်လာ ၅,၀၀၀ မျှ ဈေးနှုန်းသတ်မှတ်လေ့ရှိသည်။
ကျောက်ဆောင်များကြားတွင် ပုန်းခိုနေလေ့ရှိသဖြင့် သဘာဝအတိုင်း အလွန်တွေ့ရခဲသည့် ငါးမျိုးဖြစ်သည်။ အစာကို ဖမ်းယူစားသောက်သည့် အချိန်မျိုးတွင် တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ချက်ချင်းလိုပင် ပုန်းခိုနေရာ ကျောက်ဆောင်အောက် ဝင်ပုန်းနေလေ့ရှိသည်။
၂၀၁၁ ခုနှစ်က အမေရိကန်တွင် ပထမဆုံးအကြိမ် စတင်ရောင်းချခဲ့ပြီး ထိုအချိန်ကတည်းက ငါးချစ်သူများ၏ တောင်းဆိုခြင်းကို အခံရဆုံး အလှမွေးငါးမျိုးစိတ်လေး ဖြစ်လာသည်။
ဩစတြေးလျမှ ကြည်လင်သော စမ်းချောင်းငယ်လေးများတွင် တွေ့ရှိရပြီး ၎င်းတို့၏ အဓိကအစာမှာ ပုစွန်ဆိတ်လေးများ ဖြစ်သည်။
ပုန်းလျှိုးကွယ်လျှိုး နေထိုင်တတ်သော်လည်း ၎င်းတို့၏ တောက်ပသော အရောင်အသွေးနှင့် အစင်းကျားများကြောင့် ငါးကန်ထဲတွင် အမြဲလိုလို ထင်ထင်ရှားရှား တွေ့မြင်နေရသည့် ငါးကလေးများလည်း ဖြစ်သည်။

၆။ Neptune Grouper (ဒေါ်လာ ၆,၀၀၀)



ဈေးကွက်ထဲတွင် လက်တွေ့ရောင်းချမှု မရှိသလောက်နည်းသည့် အလှမွေးငါးမျိုး ဖြစ်သည်။ ရေနက်ပိုင်းတွင် နေထိုင်သည့် ငါးမျိုးဖြစ်ပြီး ၎င်းတို့ကို ဖမ်းယူရာတွင် အခက်အခဲများစွာ ရှိနေသည်။
ပင်လယ်ရေအောက်တွင် ၎င်းတို့ကို တွေ့ရှိဖမ်းယူပြီးချိန်၌ ရေငုပ်သမားများသည် ရေဖိအား ရုတ်တရက် အပြောင်းအလဲ မဖြစ်အောင် Neptune Grouper ငါးများအား တဖြည်းဖြည်းချင်းသာ ရေပေါ်သို့ ဆွဲတင်လာရသည်။ အကယ်၍ မြန်ဆန်စွာ ဆွဲတင်လာပါက ဖိအားအပြောင်းအလဲဒဏ်ကို မခံနိုင်ဘဲ ၎င်းငါးလေးများ သေဆုံးသွားတတ်သည်။
အရွယ်ငယ်ချိန်တွင် ခန္ဓာကိုယ်ပေါ်၌ အဝါနှင့် လိမ္မော်ရောင် ရောစပ်သည့် အစင်းကျားများ ရှိသော်လည်း အရွယ်ရောက်လာချိန်တွင် ၎င်းတို့၏ အရောင်မှာ ပန်းရောင်ဘက်သို့ ကူးပြောင်းသွားလေ့ရှိသည်။

၅။ Golden Basslet (ဒေါ်လာ ၈,၀၀၀)



Grouper မျိုးနွယ် မိသားစု ငါးများအနက် အရွယ်အစား အသေးဆုံးဖြစ်ပြီး ပစိဖိတ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာများအတွင်း ပျံ့နှံ့နေထိုင်ကြသည်။
ဖမ်းမိရန် ခက်ခဲသလို အလှမွေး ငါးကန်များတွင် အသားတကျ နေထိုင်ရန်လည်း ခက်ခဲလေ့ရှိသည့် ငါးများဖြစ်သည်။ Golden Basslet များကို ဖမ်းဆီးရာတွင် ရေနက်ပိုင်းထိ ငုပ်လျှိုးနိုင်သည့် ယာဉ်များကို အသုံးပြုရလေ့ရှိသည်။
ရွှေအိုရောင် ကိုယ်ထည်ပေါ်တွင် အဝါစက်လေးများ ပါရှိသည့် ငါးကလေးများသည် အစဉ်သဖြင့် ပုန်းလျှိုးကွယ်လျှိုး နေထိုင်ကျက်စားလေ့ရှိပြီး အလှမွေးငါးကန်ထဲတွင် ကျောက်ဂူအသေးစားလေးဖြစ်စေ၊ ခရုခွံလေးဖြစ်စေ ထည့်ထားပေးပါက ယင်းနေရာမှ မခွာဘဲ ရှိနေတတ်သည်။

၎။  Bladefin Basslet (ဒေါ်လာ ၁၀,၀၀၀)



နာမည်နှင့် လိုက်ဖက်အောင် ဓားသွားသဖွယ် ချွန်ထွက်နေသည့် ကျောရိုးဆူးတောင်လေးတစ်ခု ပါရှိသည့် ငါးကလေးများကို ကာရေဘီယန် ဒေသတွင် အများဆုံး တွေ့ရလေ့ရှိသည်။
ငါးလေးများ၏ အရောင် ရောစပ်မှုသည် တောက်ပစိုလွင်သော လိမ္မော်ရောင်နှင့် အဖြူရောင်တို့ ရောစပ်ထားသည့် အစင်းကျားမျိုး ဖြစ်သည်။ အကြီးဆုံး အရွယ်မှာ တစ်လက်မခွဲထက် မပိုသည့် ငါးကလေးများကို ငါးချစ်သူများ တန်ဖိုးထား စုဆောင်းလေ့ရှိသည့် အဓိက အကြောင်းရင်းမှာ အရောင်းဆိုင်များတွင် မရှိသလောက် ရှားနေ၍ ဖြစ်သည်။
အလွန်သေးငယ်သော ငါးလေးများကို အလွန်နက်ရှိုင်းသည့် ရေအောက်တွင် ရှာဖွေရန်မှာ ခက်ခဲလှသည့်အပြင် ၎င်းတို့က သန္တာကျောက်တန်းများကြား၌ ပုန်းခိုနေတတ်ကြောင်းလည်း သိရသည်။

၃။ Peppermint Angelfish (ဒေါ်လာ ၃၀,၀၀၀)



ပုံသဏ္ဌာန် ဆန်းပြားလှသည့် ၎င်းငါးမျိုးကို အလှမွေးငါးကုန်သည်တို့က ဒေါ်လာ ၃၀,၀၀၀ မျှထိ တန်ဖိုးဖြတ်လေ့ရှိသည်။
၂၀၁၂ ခုနှစ်အတွင်းက ၎င်းငါးလေးကို လူအများရှေ့မှောက်၌ တစ်ကြိမ်သာ ခင်းကျင်းရောင်းချခဲ့ဖူးသည်။ အလွန်နက်သော ပင်လယ်ရေအောက်တွင်သာ နေထိုင်ပြီး သာမန်အားဖြင့် ရေငုပ်သမားများပင် မဆင်းသက် မငုပ်လျှိုးနိုင်သည့် နေရာမျိုးတွင် ကျက်စားလေ့ရှိသည်။ ထို့ကြောင့်လည်း Peppermint Angelfishကို ကမ္ဘာ့အရှားပါးဆုံးစာရင်းဝင် အလှမွေးငါး မျိုးစိတ်တစ်ခုအဖြစ် အကျုံးဝင်လာစေခြင်း ဖြစ်သည်။
အနီတွင် အဖြူရောင် အစင်းကျားလေးများ ရောယှက်ပါဝင်သည့် အဆိုပါ ငါးလေးများကို အလွန်ချမ်းသာကြွယ်ဝသည့် ငါးချစ်သူများက ၎င်းတို့၏ ကိုယ်ပိုင်ငါးကန်လေးများအတွက် ထိပ်တန်းဦးစားပေး ပစ်မှတ်အဖြစ် အလိုရှိနေကြသည်။

၂။ Polka Dot Stingay (ဒေါ်လာ ၁၀၀,၀၀၀)



ပြီးခဲ့သည့် လအနည်းငယ်က ထိုင်ဝမ်တွင် ပြုလုပ်သည့် နိုင်ငံတကာ အလှမွေးငါး ပြပွဲတွင် ခင်းကျင်းပြသသွားသည်။
သာမန် ငါးလိပ်စွန် မျိုးနွယ်များနှင့် ကွဲပြားလှပြီး အနက်ရောင် ကိုယ်ထည်တွင် လုံးဝန်းဖြူဖွေးသည့် အစက် အပြောက်လေးများ ပါရှိသည့် ရှားပါးမျိုးကွဲ ဖြစ်သည်။ ထိုင်ဝမ်ငါးပြပွဲတွင် ၎င်းငါးတစ်ကောင်ကို ဒေါ်လာ ၁၀၀,၀၀၀ ဈေးနှုန်းသတ်မှတ် ရောင်းချခဲ့သည်။
အဆိုပါ ရေချိုငါးလိပ်စွန်လေးများသည် ငါးကန်အောက်ခြေရှိ သဲပြင်ပေါ်တွင် ကပ်နေလေ့ရှိပြီး လူသားတို့၏ အထောက်အပံ့မပါဘဲ အသက်ရှင် ရပ်တည်ရန် အခွင့်အလမ်း နည်းလွန်းသည်။
ပင်ကိုသဘာဝအားဖြင့် ငါးလိပ်စွန်များတွင် မာကျောသော နှုတ်သီးပါရှိပြီး အခွံမာ ရေသတ္တဝါများကို ထိုနှုတ်သီးဖြင့် ထိုးခွဲကာ စားသောက်လေ့ရှိသည်။ Polka Dot Stingay မှာမူ ထိုကဲ့သို့မဟုတ်ဘဲ ပျော့ပျောင်းဝိုင်းစက်သည့် နှုတ်ခမ်းသားမျိုး ရှိနေသောကြောင့် လူသားတို့ ကျွေးမွေးသည့် အစာဖြင့်သာ အသက်ဆက်နိုင်သည့် ငါးကလေးများဖြစ်သည်။

၁။ Platinum Arowana (ဒေါ်လာ ၄၀၀,၀၀၀)



Lucky Fish ဟု လူသိများသည့် Arowana ငါးမျိုးနွယ်များအနက်မှ အဖြူရောင် (သို့မဟုတ်) ပလက်တီနမ်ရောင် တောက်ပနေသည့် မျိုးစိတ်က ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး အလှမွေးငါးအဖြစ် စံချိန်တင် ရပ်တည်လျက်ရှိသည်။
ငါးတစ်ကောင်ချင်း၏ တန်ဖိုးမှာ ကြီးမြင့်လွန်းလှသဖြင့် မျိုးပွားနိုင်လောက်သည့် အရွယ်မျိုး ရောက်လာသည်နှင့် ငါး၏ ကိုယ်ပိုင် Identity ကို မှတ်တမ်းတင်ထားသည့် ID Chip တစ်ခုကိုပင် တပ်ဆင်ပေးထားလေ့ရှိသည်။
Arowana ငါးများတွင် Red Arowana၊ Green Arowana၊ Yellow-Tail Arowana၊ Silver Arowana၊ Black Arowana နှင့် Australian Pearl Arowana အစရှိသည့် မျိုးကွဲများ ရှိနေသော်လည်း ဆွတ်ဆွတ်ဖြူ ရှင်းသန့်နေသည့် Platinum Arowana က တန်ဖိုးအမြင့်ဆုံး ဖြစ်သည်။
တောင်အမေရိက၊ အရှေ့တောင်အာရှနှင့် အာဖရိကတို့ရှိ ရေကြည်လင်သော မြစ်ချောင်းများတွင် ၎င်းတို့ကို သဘာဝအတိုင်း ရှားပါးစွာ တွေ့ရှိရတတ်သည်။

Platinum Arowana ငါးတစ်ကောင်ကို မွေးမြူရန်အတွက် အနည်းဆုံး ရေဂါလန် ၃၀၀ မျှ ဝင်ဆံ့သည့်ကန်မျိုး လိုအပ်ပြီး ပုရစ်ကောင်၊ တီကောင် အစရှိသည့် ရှင်သန်နေသော အစာများ ထည့်သွင်းပေးထားရသည်။ ၎င်းငါးများသည် နှစ်ပေါင်း(၅၀)မျှ အသက်ရှည်ရှည် နေထိုင်နိုင်ပြီး (၃၅)လက်မထိ အရွယ်အစား ကြီးထွားတတ်သည်။

Platinum Arowana တို့သည် ဉာဏ်ရည်မြင့်မားပြီး သွန်သင်လေ့ကျင့်ပေးနိုင်သည့် ငါးမျိုးနွယ်များဖြစ်သည်။ ထူးခြားရှားပါးလှသည့်အပြင် ၎င်းတို့ကို မွေးမြူရန်မှာလည်း အနုစိတ် ခက်ခဲလွန်းလှခြင်းကြောင့် Platinum Arowana တို့သည် ကမ္ဘာ့တန်ဖိုးအကြီးဆုံး အလှမွေးငါးများအဖြစ် ရပ်တည်နေခြင်းလည်း ဖြစ်သည်။
_ THERICHEST

Aye Chan Mon Credit To:7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top