ငယ်ရွယ်သောသားသမီးများ ထမင်းစားရင် လည်ချောင်းမှာ
အရိုးစတစ်ခုခု မျက်နေပြီဆိုလျှင်၊ အသက်အန္တရာယ်နှင့်
နီးစပ်သောကြောင့် မိဘများကခေတ္တခဏ နာကျင်မှု၊
သွေးအနည်းထွက်မှုကို ဂရုမစိုက်ပဲ လည်ချောင်းထဲက
အရိုးစကို မရရအောင် နည်းမျိုးစုံဖြင့် ဖယ်ပေးကြရသည်။
အရိုးစကိုမရမချင်း ရုန်းကန်နေသောသားငယ်ကို
မလှုပ်နိုင်အောင် ဒူးဖြင့်ညှပ်ပြီးအာခေါင်ကိုဖြဲကာ
ထုတ်ယူနေခိုက်အချိန်မှာတော့ ဝေဒနာရှင်သားငယ်မှာ
“ငါ့အပေါ်ရက်စက်လေခြင်းဟု မိဘအပေါ်တလွဲထင်ပါလိမ့်မည်။
သို့သော် ထိုသို့တလွဲထင်ရုံဖြင့် မိဘကတော့
နောက်ဆုတ်လိမ့်မည်မဟုတ်ပါ။
တလွဲထင်ရုံမက အရိုးစကိုဖယ်မပေးပါနဲ့ဟု
တားမြစ်လျှင်လည်း အသက်သေနိုင်သည်ကို
သားငယ်ကမသိ၊ မိဘကသိနေသောကြောင့်ပါတည်း။
ယခုလည်း အချိန်ကုန်လူပန်း၊ “ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာ”
ဖြစ်စေသည့်ဘာသာရေး အတုအယောင်များကို
လက်တွေ့ကျကျဖော်ထုတ်ပြရန် ရဟန်းတော်တိုင်းတွင် တာဝန်ရှိပါသည်။
တာဝန်ရှိသည့်အတိုင်း ခေတ်အဆက်ဆက်က
ဆရာတော်ကြီးများကလည်း တတ်နိုင်သည့်ဘက်မှနေပြီး
ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ ဘာသာရေးလည်ချောင်းဝတွင်
မျက်နေသော အတုအယောင် အရိုးစတို့ကိုစွမ်းနိုင်သလောက်
ထုတ်ပေးကြပါသည်။
ထိုသို့ထုတ်ပေးခဲ့သည့်အတွက် အမြင်ကျယ်သူတို့က
ကျေးဇူးတင်ချီးမွမ်းကြသလို ဘာသာရေးအမြင်ကျဉ်းသူတို့က
အပြစ်တင်ကဲ့ရဲ့ကြသည်။ ရှေးခေတ်မှ ယခုခေတ်တိုင်အောင်
ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ၊ အလှူပွဲများတွင် ပွဲလမ်းသဘင်များက
ထိပ်ဆုံးက နေရာယူလာကြသည်။
ဘုရားပွဲလုပ်မည်ဆိုသည်နှင့် ဘယ်ဇာတ်၊ ဘယ်အငြိမ့်ကို
ငှားမည်ဆိုသည်ကို ရှေးဦးစွာ စည်းဝေးတိုင်ပင်ကြရသည်။
တလောက မန္တလေးမှာနေသော စာရေးသူ၏ညီက
စာရေးသူထံ မာကြောင်း၊ သာကြောင်းစာတစ်စောင်ရေးပို့လိုက်သည်။
သူရေးသောစာထဲမှ စာပိုဒ်တစ်ခုကိုတော့ စာရေးသူ
တော်တော်သဘောကျသွားမိသည်။ ထိုစာပိုဒ်က
“ဦးပဉ္စင်းဘုရား ဒီနှစ်တပည့်တော်တို့ ရပ်ကွက်ဘုရားပွဲလည်း
တော်တော်စည်ကားတယ်။ ငရဲမှာလူတွေများဦးမှာပဲဘုရား”
ဟူ၏ ။ ဒီစာသားကိုလည်း စာရေးသူ၏ညီက
အကြောင်းမဲ့ရေးဟန်တော့မတူ။
စံကင်းဆရာတော်ဘုရားကြီး သတိပေးရေးသားသော
“တစ်နှစ်တစ်ခါငရဲရှာ၊ လူ့ရွာဘုရားပွဲ” ဟူသော
အဆုံးအမလင်္ကာလေးကို ရထားဟန်တူပါသည်။
ညီတော်မောင် စာရေးသောနှစ်၊ ဘုရားပွဲနောက်
ညမှာရန်ဖြစ်ပြီး လူသတ်မှုဖြစ်သဖြင့် ယခုတော့
ဇာတ်ပွဲမထည့်တော့ဟု သိရသည်။
ထိုကဲ့သို့သော ဗုဒ္ဓဘာသာဝင်များ သတိထားနိုင်ကြရန်
ဆရာကြီးဦးရွှေအောင်က ထေရဝါဒအုတ်မြစ်ကျမ်းစာ -
စာမျက်နှာ ၆၄ တွင် ယခုကဲ့သို့ လမ်းညွှန်ပြခဲ့သည်။
ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးသည်
လောက၌ အပူဇော်ခံသက်သက်အနေဖြင့်
ပွင့်ထွန်းပေးပေါက်လာသည်မဟုတ်။
ဘုရားဟောတော်မူသည့်အတိုင်း ယုံကြည်စွာလိုက်နာကျင့်သုံးပြီး ၊
အနိမ့်ဆုံးအနေဖြင့် ကလျာဏပုထုဇဉ် ဖြစ်သွားအောင်၊
ထို့ထက်စွမ်းပါက မဂ်ဖိုလ်ကိုရသွားအောင်
ကျင့်ကြံအားထုတ်စေရန်အတွက်သာဖြစ်၏ ။
သို့မှသာ လောက၌ရတနာသုံးပါးပွင့်ထွန်းပေါ်ပေါက်
ရကျိုးနပ်ပေလိမ့်မည်။
ဆရာကြီးဦးရွှေအောင်၏ အဓိကညွှန်ပြချက်ကား
အပေါ်ယံ “အာမိသပူဇာ” ဖြင့်သာ စခန်းမသိမ်းကြပဲ ၊
ဓမ္မပူဇာ ဝိပဿနာတရားအကျင့်ကိုပါ ဖြည့်ကျင့်ကြရန်
တိုက်တွန်းခြင်းဖြစ်ပါ၏ ။ ယခုအချိန်၌ကား ဓမ္မပူဇာကိုရောက်ဖို့
နေနေသာသာ သူတော်ကောင်းများလက်ခံနိုင်သော
ရိုးရိုးအာမိသပူဇာပင်မကတော့ပဲ “မဟာယာန၊ ဟိန္ဒူဝါဒ”ဆန်ဆန်
တေးဂီတ၊ အကအခုန် ဇာတ်သဘင်များက ဘုရားပွဲတွင်
နေရာအများဆုံးယူလာကြပေပြီ။
ပွဲလမ်းသဘင်ပါသော မည်သည့်ဘုရားပွဲမဆို အောက်ဖော်ပြပါ
ဆိုးကျိုးအပြစ်များ အနည်းနှင့်အများ ဖြစ်ကြရသည်သာ ဖြစ်ပါ၏ ။
● ဘုရားစေတီတော်ပတ်ဝန်းကျင်တွင် ကျင်ကြီး၊ ကျင်ငယ်၊
စားကြွင်းစားကျန်များစွန့်မိတတ်ခြင်း၊ မူးယစ်သောက်စားခိုက်ရန်
ဖြစ်ပွားတတ်ခြင်း၊
● ပွဲလမ်းသဘင်နှင့်အတူ ရန်ပုံငွေဆိုပြီး ပြုတတ်ကြသော
လောင်းကစားများကြောင့် လူငယ်များစာရိတ္တပျက်ကြပြီး
ရပ်ကွက်တွင် သူခိုးပူခြင်း၊ ပွဲလမ်းသဘင်မှာ အချိန်ကုန်သဖြင့်
ကျန်းမာရေး၊ စီးပွားရေး ထိခိုက်ခြင်း၊
● မရှိမဲ့ရှိမဲ့ “သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ”
တည်းဟူသော သူတော်ကောင်းဥစ္စာများကိုလည်း
ပွဲလမ်းသဘင် အပျော်အပါးက တိုက်ခိုက်လုယက်သွားသဖြင့်
ထိုရက်များအတွင်း လောင်းနေကျဆွမ်းတော်ကိုလည်းမလောင်းနိုင်။
● ပို့နေကျဆွမ်းတော်ကိုလည်း မပို့နိုင်။
● စိတ်နေကျစိတ်ပုတီးလည်း ချိတ်ပုတီးဖြစ်၊
● ရှိခိုးနေကျ အိမ်ကဘုရားကိုလည်း ဦးလေးမှ မချနိုင်။
● ညမိုးအလင်းကြည့်၊ နေ့တနေကုန်အိပ်သဖြင့် လူစင်စစ်က
ဇီးကွက်ဖြစ်နေရခြင်းပင်။
● ပွဲလမ်းသဘင် ပြီးသောအခါ တစ်လအတွင်း
လောက်မှာလည်း ထိုပွဲလမ်းသဘင်အကြောင်း
သမ္ဖပ္ပလာပ = အကျိုးမရှိ အပိန်အဖျင်းစကားများကို
ပြောမိနေတတ်ခြင်း ၊စသောဆိုးကျိုးများဖြစ်သည်ကို
ကြိုတင်သိမြင်ကြသော ဆရာတော်ကြီး အဆက်ဆက်က
ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးတည်းဟူသော
လည်ချောင်းဝမှ “ပွဲလမ်းသဘင်”တည်းဟူသော
အရိုးစတစ်မျိုးကို စွမ်းနိုင်သမျှ ဖယ်ရှားပေးတော်မူခဲ့ကြပါသည်။
ရွှေကျင်ဆရာတော်ဘုရားကြီးကလည်း လူမိုက်ငါးဦး
အမည်ရှိသော အောက်ပါကဗျာလင်္ကာဖြင့် ယခုကဲ့သို့ သတိပေးတော်မူခဲ့ပါသည်။
“လူမိုက်ငါးဦး”
- အလှူပေးရာ၊ ပွဲထည့်ပါ၊ တိုက်တွန်းလာသူ လူမိုက်တစ်ယောက်။
- လူမိုက်စကား၊ နားယောင်မှား၊ ပွဲငှားအလှူရှင် လူမိုက်တစ်ယောက်။
- လူများအလယ်တွင် ကခုန်ရှင် သဘင်သည် လူမိုက်တစ်ယောက်။
- လာလိုက်ခဲ့ဗျို့၊ ကြည့်ချေစို့၊ အဖော်တို့ လူမိုက်တစ်ယောက်။
- အအိပ်အစားပျက်၊ ပွဲကိုမက်၊ ကြည့်ရှုချက် လူမိုက်တစ်ယောက်။
ငါးဦးအတွက် ၊ ခံရချက် ၊ တိုက်တွန်းလျက် ရှေးဦးကောက်၊
အဟိဗာလတရ၊ ခေါ်ဆိုရ၊ အင်္ဂုတ္တရာကျမ်းကိုထောက်၊
ပဟာသမည်၊ နိရယ်ပြည်၊ (ငရဲပြည်)၊ ရောက်မည် အခေါက်ခေါက်။
တာလပုဋ၊ ဂါမိဏိ၊ ဆုံးမဘိ၊ မှတ်သိအလွန်ကြောက်။
ကျမ်းသိထက် ကျမ်းညှိခက်သည် ဟူသောစကားသည်
ယခုနေရာ၌ အရေးတကြီးလိုအပ်လာပါသဖြင့် အနည်းငယ်ရှင်းပါမည်။
ပရိဝါပါဠိတော်စာမျက်နှာ ၂၃၁ တွင်ကုသိုလ်မဖြစ်ပဲ
အကုသိုလ်ဖြစ်စေသော “အပုညဒါနငါးမျိုး”ကို ဗုဒ္ဓ
ဟောကြားတော်မူထားသည်မှာ
● “မူးယစ်ဆေးဝါးအလှူ၊ ပွဲသဘင်အလှု၊
● မိန်းမအလှု၊
● နွားလားဥဿဘကို မျိုးပေးသောအလှူ၊
● ကိလေသာထကြွစေသော ယောက်ျားမိန်းမရုပ်
● ပန်းချီဆေးရေးအလှူ” တို့ ဖြစ်ပေသည်။
ဝိနည်းတော်အရ အတီး၊အမှုတ၊်အက၊အခုန်မလှူရဟု
ပညတ်ထားသော်လည်း အဘိဓမ္မတရားတော်အရ
အလှူဒါနသည် ရူပ - အဆင်း၊
သဒ္ဓ - အသံ၊ ဂန္ဓ - အနံ့၊ ရသ - အရသာ၊
ဖောဌဗ္ဗ - အတွေ့အထိ၊ ဓမ္မ - တရား ဟူပြီး
ခြောက်မျိုးရှိရာ “အက”သည် ရူပအလှူ၌ပါဝင်နေသလို ၊
“အတီးအမှုတ်အဆို” သည် သဒ္ဒအလှူ၌ ပါဝင်နေပြန်ရာ
ရှေ့နောက်ဆန့်ကျင်နေသကဲ့သို့ ဖြစ်နေပါ၏ ။
တစ်ဖန်အတွေးအခေါ်ရှိသူတချို့က အဆိုအကအတီးဟာ
ကာမဂုဏ်ကို အားပေးလို့ မပူဇော်သင့်ဘူး၊
မလှူသင့်ဘူးဆိုရင် ဆွမ်း၊ ခဲဖွယ်ဘောဇဉ်တွေကိုရော ၊
ကာမဂုဏ်ကို အားမပေးဘူးလား။
သင်္ကန်းတို့ ၊ ဂွမ်းစောင်တို့ရဲ့ နူးညံ့တဲ့အတွေ့အထိ၊
ဖောဌဗ္ဗကရော ကာမဂုဏ်ကို အားမပေးဘူးလားဆိုသော
မေးခွန်းတွေမေးလာနိုင်ပါသည်။
အတွေးအခေါ်သာမက ကျမ်းဂန်ပါနှံ့စပ်သူအချို့ က
“ဗုဒ္ဓဝံသအဌကထာ ၁၈၉” မှာ ဘုရားအလောင်းတော်
“အတုလနဂါးမင်း” ဖြစ်စဉ်တုန်းက “သုမနဘုရားရှင်”နှင့်တကွ
သံဃာတော်များကို နဂါးတို့ရဲ့ အတီး အမှုတ် အက
အခုန်တွေနဲ့ ဘာဖြစ်လို့ ပူဇော်ခဲ့သလဲ။
အပါဒါန်ပါဠိတော် ၁၈ မှာ “ဧကသင်္ခိယမထေရ် အလောင်း” ဟာ
ဝိပဿီဘုရားရှင်ရဲ့ မဟာဗောဓိပူဇော်ပွဲမှာ တစ်နေ့တာလုံး
ခရုသင်းမှုတ်ပြီး ပူဇော်ခဲ့တဲ့ကောင်းမှုကြောင့်
နတ်ပြည်ရောက်တဲ့အခါ တူရိယာခြောက်သောင်းနဲ့
ဖြေဖျော်ခံခဲ့ရတဲ့အပြင် ဖြစ်တိုင်းဖြစ်တိုင်းသော
လူ့ဘဝ၊ နတ်ဘဝတွေမှာ တူရိယာသံများ ဝန်းရံခြင်းခံရပြီး
နောက်ဆုံးဂေါတမဘုရားရှင် သာသနာတော်မှာ
ကျွတ်တန်းဝင်ရတာဟာ တူရိယာသံနဲ့လှူခဲ့တဲ့
ကုသိုလ်ကြောင့်မဟုတ်ဘူးလား။
စသဖြင့်မေးမြန်းလာနိုင်ပါသည်။
အဖြေအကျဉ်းကား
■“သဒ္ဓါ”ဖြစ်အောင်ပူဇော်လျှင် ကုသိုလ်ဖြစ်မည်။
■“တဏှာ” ဖြစ်အောင် ပူဇော်လျှင် အကုသိုလ်ဖြစ်မည်
ဟုဖြေရပါမည်။
သို့သော် ဆန်းစစ်ဖို့တော့လို၏ ။
ယခုခေတ်ဇာတ်အငြိမ့်ပွဲများသည် ရတနာသုံးပါးကို
ပူဇော်ဖို့သက်သက်ဖွဲ့စည်းထားခြင်းမဟုတ်ပဲ
ဝမ်းဝဖို့အတွက်သာ ဖွဲ့စည်းထားခြင်းဖြစ်ပါ၏ ။
ဝမ်းဝဖို့အတွက်ကလည်း ပရိသတ်ကြိုက်မှဖြစ်မည်။
ပရိသတ်အများစုကလည်း တဏှာအသားပေး
ပြကွက်ကိုသာ ကြိုက်ကြသည်။
သို့အတွက် အနုပညာရှင်တို့ကလည်း ပရိသတ်အကြိုက်
ဖျော်ဖြေကြရာမှ သဒ္ဓါအားပေးထက် တဏှာအားပေးဘက်ကို
အလေးသာခဲ့ကြသည်။ တကယ်တော့ “အနုပညာ” ဆိုသည်မှာ
ဘာသာရေးနယ်ပယ်မှာလည်း သုံးတတ်လျှင် ဆေးဖြစ်ပါ၏ ။
အလှူပွဲတွင် သံဃာတော်များ သံဃာစင်သို့ကြွလာသောအခါ ၊
ဓမ္မကထိက ဆရာတော် ဓမ္မာသနပလ္လင်တော်သို့
ကြွလာသောအခါတို့တွင်ဗျောသံလေးကြားလိုက်ရပါက
တရားနာပရိသတ်တို့၏ ကြည်နူးဝမ်းသာသော
သဒ္ဓါစိတ်သည် အခေါင်အထွတ်ရောက်သည်အထိ ဖြစ်ကြရပါသည်။
မသုံးတတ်လျှင်ဘေး၊ သုံးတတ်လျှင်ဆေး ဟုပဲ ဆိုရပါလိမ့်မည်။
တဏှာဓါတ်ခံကြီးမားသော ပုထုဇဉ်များပီပီ ဆေးထက်
ဘေးဖြစ်ဖို့များသည်ကတော့ သေချာပါသည်။ ။
- 【ဆရာတော်အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
Aye Chan Mon Credit To: Young Buddhist's Association
http://www.ayechanmon-news1.com/
Post a Comment