0

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မဟာသန္တိသုခကျောင်းတော်ကို ရဲတပ်ဖွဲ့ဝင်များ၊ အရပ်ဝတ်များ၊ သံဃာတော်များ အင်အားသုံး ဖယ်ရှားခဲ့ပြီးနောက်၊ သန်္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်နေကြသည့် ဆရာတော်များ၏ တပည့်ဒါယကာ၊ ဒါယိကာမများ သံဃာတော်များ၏ မကျေနပ်ချက်များ တိုးပွားလာခဲ့သည်။

ကျောင်းတော်ကို အင်အားသုံးဖယ်ရှားပြီးချက်ချင်းပင် ထိုကျောင်းတွင် သီတင်းသုံးနေထိုင်သည့် သံဃာ ငါးပါးကိုလည်း လူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ထားခဲ့ပြီး လူဝတ်လဲခံ သံဃာတော်များ ဇွန်လ ၂၀ ရက်တွင် တရားရင်ဆိုင်ရန်ရှိသည်။

ကျောင်းတိုက်ကို အင်အားသုံး ဖယ်ရှားခြင်း၊ သံဃာတော်များကို ဖမ်းဆီးခြင်းများကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများကလည်း လန်ဒန်မြို့၊ မြန်မာသံရုံးရှေ့တွင် ဖမ်းဆီးခံ သံဃာများ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ အလားတူပင် ပြည်တွင်းမှ သံဃာတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမများကလည်း သံဃာတော်များ ပြန်လွှတ်ပေးရေး တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ရန် ပြင်ဆင်လျက် ရှိနေသည်။

ယင်းကဲ့သို့သော လုပ်ရပ်များအတွက် သမ္မတဦးသိန်းစိန် ဦးဆောင်ဖြေရှင်းပေးရန် ပီနန်ဆရာတော်ကြီးက တောင်းဆိုထားပြီး ပြည်တွင်းသံဃာတော်များကလည်း မကျေနပ်မှုများ တိုးပွားလာလျက်ရှိသည်။

ပီနန်ဆရာတော်ကြီး အမိန့်ရှိသကဲ့သို့ သံဃာတော်များကို ညသန်းခေါင်ချိန် လုံခြုံရေးအင်အားများစွာ ချလျက် ဖယ်ရှားခဲ့ခြင်းသည် အုပ်ချုပ်ရေးပိုင်းတွင် တာဝန်အရှိဆုံးဖြစ်သည့် သမ္မတဦးသိန်းစိန်နှင့် တိုက်ရိုက်သက်ဆိုင်နေပြီး နောက်ဆက်တွဲအဖြစ် ဦးဆောင်ဖြေရှင်းပေးရန်လည်း လိုအပ်ပါသည်။

သံဃာအပါး ၂၀ သာ သီတင်းသုံးနေထိုင်သည့် ကျောင်းတော်ကို ညသန်းခေါင် အချိန်တွင် ၀င်ရောက် ဖယ်ရှားစေခဲ့ခြင်း၊ လုံခြုံရေးအင်အား မြောက်မြားစွာအသုံးပြု ခြင်းတို့သည် ယဉ်ကျေးသိမ်မွေ့သည့် ဗုဒ္ဓဘာသာ နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအတွက် သင့်လျော်သည့် ကိစ္စရပ်များမဟုတ်ပေ။

ယင်းဖြစ်ရပ်ကြောင့် ကန့်ကွက်ဆန္ဒပြ မှုများ ဆက်လက်ကြုံရန်ရှိနေပြီး မြန်မာနိုင်ငံ၏ ပုံရိပ်မှေးမှိန်ရန်သာ ရှိပါသည်။

တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး မရရှိသေးခြင်း၊ ပဋိပက္ခများဖြစ်ပေါ်ခဲ့ခြင်းတို့အပြင် ယခုသန္တိသုခ ဖြစ်ရပ်ကြောင့် မြန်မာ့ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို ပြန်လည်သုံးသပ်ရန် လိုအပ်ပါလိမ့်မည်။

ပြုပြင်ပြောင်းလဲရေးဟု ခေါ်ဆိုသော်လည်း ယခုဖြစ်ရပ်သည် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည်ဟူသည့် အစိုးရ၏ ပြောဆိုမှုနှင့် ဆန့်ကျင်လျက်ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။

အလားတူပင် သန့်ရှင်းကောင်းမွန်သည့် အစိုးရဟု အကြိမ်ကြိမ် ပြောဆိုခဲ့သည့် အစိုးရတစ်ရပ်သည် သန္တိသုခ ဖြစ်ရပ်တစ်ခုတည်း လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက် ညကလည်း လက်ပံတောင်းတောင်ဒေသရှိ ကြေးနီတောင်စီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေသည့် သံဃာတော်များကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး သံဃာတော်အပါး ၁၀၀ နီးပါး မီးလောင်ဒဏ်ရာ ရရှိစေခြင်းဖြင့် လက်ရှိအစိုးရ၏ သရုပ်သဏ္ဍာန်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးနည်းတူ သံဃာတော်များကို ရိုက်နှက်ဖမ်းဆီးအပြီး မိမိကိုယ်ကို အရပ်သားအစိုးရဟု ခေါ်ဆိုကာ အသွင်ကူးပြောင်းတက်လာသည့် အစိုးရတစ်ရပ်၏ ဤလုပ်ရပ်များသည် စစ်အာဏာရှင်စနစ်၏ အငွေ့အသက်နှင့် စရိုက်လက္ခဏာများ မကုန်သေးဘဲ “ဘာလဲဟဲ့” ပြုပြင်ပြောင်းလဲရေးဟု မေးခွန်းထုတ်ရန်သာ ရှိသည်။

(ဇွန်လ ၂၀ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်)

Aye Chan Mon Credit To:Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top