0
ဝင်းကိုကိုလတ်၊ အောင်သူရထွန်း| ACM Re-post 16-6-2014

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစကာလများအတွင်း အချိုးကျ ရွေးကောက်သည့်စနစ် ကျင့်သုံးခြင်းကို
လက်ခံခဲ့သည်ဟု သမိုင်းမတွင်လိုသဖြင့် အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ယင်းစနစ်လေ့လာသုံးသပ်ရေး ကော်မတီမှ နုတ်ထွက်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က မဇ္ဈိမကို ပြောသည်။

“ပီအာရ်ကို လက်ခံခဲ့တဲ့အထဲမှာ ဒီချုပ်က ပါတယ်လို့ သမိုင်းမှာ အပါမခံနိုင်ဘူး။ ဒါကြောင့် နုတ်ထွက်တာပါ”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူ ဦးအောင်ကြည်ညွန့်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်က ပီအာရ်စနစ်ကို လေ့လာသုံးသပ်ရန် အမျိုးသားလွှတ်တော်အမတ် ၃၆ ဦးအပါအ၀င် အဖွဲ့ဝင် ၄၀ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ အဆိုပါနေ့၌ပင် နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ပီအာရ်စနစ်ကြောင့် ပါတီအများအပြား လွှတ်တော်နှင့် အစိုးရအဖွဲ့အတွင်းသို့ ရောက်ရှိပြီး နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်း၊
လူမျိုးရေး၊ ဘာသာရေးအရ တည်ထောင်သော ပါတီများ ပေါ်လာနိုင်ခြင်း၊ ဒီမိုကရေစီစနစ် နုနယ်စဉ် ရွေးကောက်ပွဲစနစ်
အပြောင်းအလဲကြောင့် မဲပေးသူများ နားလည်ရန် ခက်ခဲခြင်း စသည့်အချက်များကြောင့် ကန့်ကွက်ရခြင်းဟု ၎င်းက ဆိုသည်။

သို့သော် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ အမျိုးသားလွှတ်တော်အတွက် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation - PR)စနစ် ကျင့်သုံးပါက ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်း၊ မမှောက်ခြင်းကိုမူ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ပေါ်သာ မူတည်သည်ဟု အင်န်အယ်လ်ဒီ အမတ်အချို့က ပြောသည်။

“ရွေးကောက်ပွဲသပိတ်မှောက်ဖို့ ကိစ္စတွေ ဆုံးဖြတ်ဖို့ အန်ကယ်တို့ဆီမှာ Power မရှိဘူး။ တစ်ဦးချင်းမှာ မရှိဘူး၊ တကယ်လို့
NLD အစီအစဉ်နဲ့ CEC တွေ CC တွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့ သွားမှာဆိုတော့ တစ်ယောက်ထဲသဘောနဲ့ ဘာတွေဖြစ်မယ်
ဆိုတာ မှန်းဆပြောလို့ မရနိုင်ဘူး”ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။

အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က ယခုလ ၈ ရက်က အမျိုးသားလွှတ်တော်၌ ပီအာရ်စနစ်ကို ကျင့်သုံးရန်
အဆိုတစ်ရပ်တင်သွင်းခဲ့ပြီး ယခုလ ၁၃ ရက်၌ ပီအာရ်စနစ် လေ့လာသုံးသပ်ရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top