ACM RE-Post 18-6-2014
အင်ဒိုနီးရှားမှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို သယ်ဆောင်လာရင်း မလေးရှားကမ်းလွန်တွင် နစ်မြုပ်သွားသည့် ရေယာဉ်မှ အလောင်း(၂)လောင်းကို ပြန်လည်ရရှိထားပြီး လူ(၄၀)နီးပါး ပျောက်ဆုံးနေဆဲဟု သိရှိရသည်။ ခံနိုင်ဝန်အားထက် မတန်တဆ ပိုမိုများပြား သိပ်သည်းစွာ လူများတင်ဆောင်လာသည့် ရေယာဉ်သည် မလေးရှား အနောက်ဘက် ကမ်းလွန်ရှိ လှိုင်းထန်သော ပင်လယ်ထဲတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ အစ္စလာမ် ဥပုသ်ကာလအတွက် နေရပ်သို့ ပြန်ကြရင်း ဇွန်လ(၁၇)ရက်နေ့ ညသန်းခေါင်ခန့်တွင် လှေနစ်မြုပ်ခဲ့ခြင်းဟု သိရသည်။
(တရားမဝင် ရွှေ့ပြောင်းလုပ်သားမျာ သယ်ဆောင်လာသည့် စက်လှေတစ်စီး)
မလေးရှား၏ အကြီးမားဆုံး ဆိပ်ကမ်းဖြစ်သည့် ပေါ့တ်ကလန် အနီး ဖြစ်ပွားခဲ့သော မတော်တဆမှု၌ လူ(၅၈)ဦးကိုမူ ကယ်တင်ထားနိုင်ခဲ့သည်။ “အနည်းဆုံး (၃၇)ယောက်ကတော့ ပျောက်နေသေးတယ်။ ပြီးတော့ ကျွန်တော်တို့ အလောင်း(၂)လောင်း ပြန်ရထားပြီ”ဟု ပေါ့တ်ကလန်ရှိ မလေးရှား ရေကြောင်းသွားလာမှု ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့မှ အကြီးအကဲ မိုဟာမက် ဟမ်ဘာလီ ယာကွပ်က ပြောကြားခဲ့သည်။ “ကယ်ဆယ်ရေးတွေ ရောက်သွားတော့ အသက်ရှင်ကျန်ရစ်သူ တချို့ကို ပင်လယ်ထဲမှာ ရှာတွေ့ခဲ့တယ်။ တချို့ကလည်း ကမ်းခြေထိ ပြန်ရောက်နေပြီ”ဟုလည်း ယာကွပ်က ဆိုသည်။
လှေနစ်မြုပ်သည့် နေရာသည် ကမ်းစပ်နှင့် မဝေးလှသောကြောင့် ပျောက်ဆုံးနေသူ အများစုသည် ကမ်းခြေသို့ ဘေးကင်းကင်း ရောက်ရှိသွားနိုင်မည်ဟု ကယ်ဆယ်ရေးများက မျှော်လင့်နေသည်။ ကောက်ခံရရှိထားသော စာရင်းများအရ သစ်သားရေယာဉ်ငယ်ပေါ်တွင် ကလေးငယ်များ အပါအဝင် လူ(၉၇)ဦးထိ လိုက်ပါလာသည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။ မလေးရှားတွင် တရားမဝင် အလုပ်သမား (၂)သန်းမျှရှိပြီး ယင်းတို့အနက် အများစုသည် အင်ဒိုနီးရှားမှ ဖြစ်သည်။ အစ္စလာမ် ဥပုသ်လတွင် အင်ဒိုနီးရှား အလုပ်သမား အများအပြားသည် မွေးရပ်မြေသို့ ပြန်လေ့ရှိကြောင်းလည်း သိရှိရသည်။
Aye Chan Mon Credit To: Planet Myanmar Network
http://www.ayechanmon-news1.com/
Post a Comment