0


ခိုင်မာတဲ့ နိုင်ငံရေးစနစ်ဆိုတာ ဒီမိုကရေစီကို ပိုမိုခိုင်မာအောင် တည်ဆောက်ခြင်းကို ဆိုလိုချင်တာပါ။ အကူးအပြောင်း အဆင့်မှာတင် ရပ်မနေဘဲ စံနှုန်းပြည့်တဲ့ အခြေအနေတစ်ရပ်ကို ထူထောင်ဖို့ အများက ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့ တချို့ကတော့ ပြည်သူကို စိတ်မချလို့ဆိုတဲ့ အကြောင်းပြချက်တွေ လှိုင်လှိုင်ကြီးပေးပြီး မြန်မာ့နိုင်ငံရေးကို ဆက်လက်ချုပ်ကိုင်ဖို့ ပြင်းပြနေတဲ့သူတွေ ကျွန်တော်တို့နိုင်ငံမှာ ရှိနေပါတယ်။ သူတို့ဟာ မြန်မာ့နိုင်ငံရေးကို နှစ်အတော်ကြာ ခြယ်လှယ်နိုင်ခဲ့သူတွေလည်း ဖြစ်ကြပါတယ်။ အခုချိန်ထိလည်း မြန်မာ့နိုင်ငံရေးကို ခြိမ်းခြောက်နေကြဆဲပါ။ ၂၀၁၅ မှာ ဖြစ်လာမယ့် နိုင်ငံရေး အခင်းအကျင်းကို သူတို့စိတ်ကြိုက် ပုံဖော်နိုင်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

သူတို့ကတော့ နာခံခြင်းကို ကိုးကွယ်သူတွေ၊ အကျိုးစီးပွားပျက်မှာ ကြောက်တဲ့သူတွေနဲ့ မောဟဖုံးလွှမ်း နေတဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ သန်း ၆၀ ထဲက အများစုနဲ့ မတူညီတဲ့ အမြင်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ နိုင်ငံတွင်း ပဋိပက္ခတွေ ဖြစ်လာတိုင်း၊ ပြည်ပနိုင်ငံတစ်ခုနဲ့ ကတောက်ကဆဖြစ်တိုင်း သူတို့အစိုးရိမ်ကြီးစွာနဲ့ ပူပန်ကြလေ့ ရှိပါတယ်။ ထပ်တလဲလဲ ပြောကြတဲ့ စကားကတော့ နိုင်ငံကြီး တည်ငြိမ်အောင် အရပ်သား စစ်စစ်တွေချည်း ပါဝင်တဲ့ အစိုးရက ထိန်းနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ဟာ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေဖို့ လိုအပ်တယ် ဆိုတာပါပဲ။ ပြည်သူအများစုရဲ့ သဘောထားနဲ့ ကွဲလွဲစွာ မြင်တတ်သူတွေထဲမှာ (၁) နာခံခြင်းကို အကောင်းဆုံး ဘဝနေနည်းအဖြစ် ယုံကြည်သူတွေ၊ (၂) အကျိုးစီးပွားကို ကာကွယ်လိုသူတွေနဲ့ (၃) မောဟဖုံးလွှမ်းနေသူတွေ ထိပ်ဆုံးက ပါဝင်ပါတယ်။
နာခံခြင်းကို အကောင်းဆုံးဘဝနေနည်းအဖြစ် ယုံကြည်သူတွေ

နာခံနေရတဲ့ အကြောင်းအရင်းများစွာထဲက တစ်ခုက မနာခံရင် သူတို့ရဲ့လက်ရှိဘဝ အခြေအနေတွေ ပျက်သွားနိုင်လို့ပါပဲ။ သူတို့ရဲ့ မိသားစုဝင် အားလုံးရဲ့ အနာဂတ် ပျောက်ဆုံးသွားနိုင်တာမို့ သူတို့ဟာ နာခံနေကြရတယ်။ မလွန်ဆန်နိုင်ကြပါဘူး။ သူတို့တွေဟာ လူ့သက်တမ်း လေးပုံသုံးပုံလောက်ထိ နာခံကြဖို့ စာချုပ် ချုပ်ခံထားရသူတွေ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ သူတို့တွေဟာ နာခံခြင်းကို ကိုးကွယ်သူတွေ ဖြစ်လာတယ်။ သူတို့အတွက် နိုင်ငံရေးစနစ် အပြောင်းအလဲကို စိတ်ထဲရှိတဲ့အတိုင်း ထောက်ခံဖို့ ခက်ခဲနေပါတယ်။ သူတို့မှာ ထောက်ခံရင် ရလာမယ့် ဖိအားများစွာလည်း ရှိနေပါတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ လျစ်လျူရှုတဲ့ နည်းကိုသုံးပြီး မဆိုင်သလို နေကြပါတယ်။ အဲဒါက လူတန်းစားတစ်ရပ်ပါ။

နောက်ထပ် သူတို့နဲ့မတူတဲ့ တချို့ကတော့ နာခံခြင်းကို လိုလိုလားလား ကိုးကွယ်ကြသူတွေပါ။ အရင်ခေတ်စနစ်မှာ သူတို့ရထားတဲ့ အခွင့်အရေးတွေကို ဒီမိုကရေစီစနစ်မှာ ဆုံးရှုံးရပါတယ်။ ဒါကြောင့် သူတို့ဟာ ဒီမိုကရေစီစနစ်ထက် အရင်စနစ်ကို အလိုရှိသူတွေပါ။ တချို့ အစွန်းရောက်တွေဆိုရင် နိုင်ငံရေးသမားတွေကို သူတို့နဲ့ ဆန့်ကျင်ဘက် ရန်သူတွေအဖြစ် ရှုမြင်ထားကြပါတယ်။ ပိုပြီးရယ်စရာကောင်းတဲ့ အကြောင်းပြချက်ကတော့ နိုင်ငံရေးသမားတွေလက်ထဲ တိုင်းပြည် ထိုးအပ်လိုက်ရင် တိုင်းပြည် ပျက်သွားနိုင်လို့ပါတဲ့။

ဘယ်လိုပဲဖြစ်ပါစေ၊ နာခံတာဟာ အကောင်းဆုံးပဲ ဆိုတဲ့စိတ်နဲ့ နေထိုင်တာ သူတို့အတွက် အကောင်းဆုံး နေထိုင်နည်းလို့ ယုံကြည်သူတွေ မြန်မာပြည်မှာ တကယ်ရှိနေပါတယ်။ မလွန်ဆန်နိုင်လို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် လိုလားစွာပဲဖြစ်ဖြစ် သူတို့ဟာ နာခံခြင်း ယဉ်ကျေးမှုအောက်မှာ နေထိုင်ဖို့ ဆုံးဖြတ်ထားကြသူတွေပါ။ နာခံသူ အများစုကတော့ နိုင်ငံရေး စနစ်တွေကို နားလည်ကြလို့မဟုတ်ဘဲ သူတို့ဘဝရေလှိုင်း ကမောက်ကမ မဖြစ်ချင်တဲ့ အတွက်ကြောင့်ပါ။ သူတို့တွေရဲ့ အကာအကွယ်နဲ့ လူတစ်စုကတော့ မြန်မာနိုင်ငံရေး အာဏာကို ချုပ်ကိုင်ခဲ့ကြသလို အခုထိလည်း ခြယ်လှယ်ခွင့် ရနေတုန်းပါ။
အကျိုးစီးပွားကို ကာကွယ်လိုသူတွေ

နာခံသူတွေနဲ့ မတူညီစွာ အခွင့်ထူးတွေကို စံစားသူတချို့ကလည်း နိုင်ငံအာဏာကို ဆက်လက်ချုပ်ကိုင် ထားလိုကြဆဲပါ။ နိုင်ငံရေးစနစ် ပြောင်းသွားတဲ့အတွက် လုပ်ချင်တာတွေ မလုပ်ရတော့ဘဲ အခွင့်ထူးမခံ ရတော့တာကို အားမလိုအားမရနဲ့ ခံပြင်းနေသူတွေ ရှိနေပါတယ်။ အရင်က ရဲကို ကြောက်စရာမလို၊ ယာဉ်ထိန်းရဲကို ဂရုစိုက်စရာမလိုဘဲ နေလာခဲ့ရတဲ့ ခေတ်ကို တချို့က ပြန်လွမ်းကြတယ်။ ဥပဒေအထက်မှာ နေရတာကို ဇိမ်ခံတတ်တဲ့ လူတန်းစားတစ်ရပ် မြန်မာပြည်မှာ တကယ်ရှိပါတယ်။ သူတို့လုပ်ပိုင်ခွင့်ထဲက ရထားတဲ့ ပစ္စည်းဥစ္စာတွေကို ဆုံးရှုံးသွားမှာ စိုးရိမ်တဲ့အတွက် ပွင့်လင်းမြင်သာမှုဆိုတာ သူတို့အတွက် ထိတ်လန့်ဖွယ် စကားလုံးတစ်ခု ဖြစ်နေပါတယ်။

တန်းတူညီမျှမှု ဆိုတာကို တစ်သက်လုံး ဦးညွတ်ခံလာတဲ့ သူတို့ မနှစ်မြို့ကြပါဘူး။ နာခံသူတွေရဲ့ အထက်မှာ နေလာခဲ့သူတွေမို့ သူတို့ဟာ တခြားသူတွေထက် အခွင့်ထူးတွေရတာကို ဂုဏ်တစ်ခုလို့ မှတ်ယူခဲ့ကြတယ်။ တန်းတူသာ နေရမယ်ဆိုရင် အခွင့်ထူးတွေ မရနိုင်တော့တာမို့ သူတို့ဂုဏ်တွေ ငယ်သွားမှာကို စိုးရိမ်နေကြတယ်။ နိုင်ငံရေးစနစ်ကို တရားခံအဖြစ် စွပ်စွဲကြတယ်။ အရင်ကနဲ့ မတူတဲ့ အခြေအနေတွေဟာ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေး စနစ်ကြောင့်လို့ သူတို့က မှတ်ယူ ထားကြပြန်ပါတယ်။ ဒီလူတွေကြောင့်ပဲ မြန်မာ့နိုင်ငံရေးဟာ ဆန့်တငင်ငင်နဲ့ ဖြစ်နေတာပါ။
မောဟများ ဖုံးလွှမ်းနေသူများ

သူတို့ဟာ နာခံခြင်းယဉ်ကျေးမှုရဲ့သားကောင်ပီပီ သူတို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ်တွေ ပျောက်ဆုံးသွားသူတွေ ဖြစ်တယ်။ သူတို့ ပတ်ဝန်းကျင်ရဲ့တွေးခေါ်မှုတွေကို ရိုက်သွင်းခံခဲ့ရတဲ့အတွက် သူတို့ဦးနှောက်တွေဟာ ဗလာခြင်း ဖြစ်နေတယ်။ သူတို့ဟာ အကျိုးစီးပွားကြောင့် မဟုတ်ဘဲ စဉ်းစား တွေးခေါ်နိုင်မှု ညံ့ဖျင်းခြင်းကြောင့် နာခံသူတွေနဲ့ အတူတူ ဖြစ်သွားတယ်။

နာခံခြင်းယဉ်ကျေးမှု သွတ်သွင်းခံခဲ့ရတဲ့အတွက် သူတို့ဟာ နာခံဖို့ကိုပဲ အလိုရှိနေကြတယ်။ နောက်ဆုံးမှာတော့ ကိုယ်ပိုင်အတွေးအခေါ် ပျောက်ဆုံးနေတဲ့ သူတို့ဟာ မောဟဖုံးလွှမ်းခံရသူတွေ ဖြစ်လာပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်ကို အမိန့်ပေးသူတွေထံ အပ်နှံလိုက်တဲ့သူတွေ တကယ်ရှိပါတယ်။ စိတ်မကောင်းစရာ တစ်ခုကတော့ သူတို့ပရော်ဖက်ရှင် အလုပ်နဲ့ မဆိုင်တဲ့ အလုပ်တွေမှာပါ နာခံကြရတာကိုပါပဲ။
နိုင်ငံရေးအရွေ့ ဆန့်ငင်ဆန့်ငင် မဖြစ်ရလေအောင်

ပြည်သူအများစုနဲ့ သီးခြားခွဲထွက်တဲ့ အမြင်တွေ ပိုင်ဆိုင်ထားလေ့ ရှိတဲ့သူတို့တွေကို မစည်းရုံးနိုင်သရွေ့ နိုင်ငံရေးအရွေ့ ဆန့်တငင်ငင် ဖြစ်နေပါဦးမယ်။ ဘယ်လိုပဲ အမြင်မတူကြပါစေ၊ သေချာတာ တစ်ခုကတော့ သူတို့တွေဟာ ပြည်သူတွေ ဖြစ်တယ်ဆိုတာပါပဲ။ ဘာကြောင့် သူတို့တွေဟာ ပြည်သူအများစု ဆန္ဒနဲ့မတူ ကွဲလွဲစွာ ရပ်တည်နေရသလဲ ဆိုတဲ့ကိစ္စမှာ ရှုပ်ထွေးတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ တချို့က မလွန်ဆန်နိုင်လို့၊ တချို့က လိုလားလို့၊ တချို့ကတော့ မသိနားမလည်ကြလို့ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး အရွေ့ဟာ သူတို့နဲ့ သက်ဆိုင်နေပါတယ်။ သူတို့ရဲ့ အတွေးအခေါ်နဲ့ အမူအကျင့်တွေ အပေါ်မူတည်ပြီး မြန်မာ့နိုင်ငံရေး အတက်အကျ ဖြစ်ပေါ်လေ့ ရှိပါတယ်။ ဒီမိုကရေစီနဲ့ နိုင်ငံရေးသမားတွေကို မနှစ်မြို့သူ လူတစ်စုရဲ့ အယူအဆတွေ ပြောင်းလာအောင် ကျွန်တော်တို့ အချိန်တစ်ခု လိုပါမယ်။ ဆယ်စုနှစ်ချီပြီး အရိုးစွဲနေတဲ့ အတွေးအခေါ်နဲ့ အမူအကျင့်တွေကို တစ်ခဏအတွင်းမှာ ပယ်ပျက်သွားဖို့ မဆိုလိုပါဘူး။ ပိုဆိုးတာက အကျိုးစီးပွားတွေ အခွင့်အရေးတွေနဲ့လည်း ဆက်စပ်နေတဲ့အတွက် သူတို့ပြောင်းလဲဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ အချိန်တိုတိုနဲ့ ပြောင်းလဲသွားဖို့ကိုတော့ မျှော်လင့်ပါတယ်။ အဲဒီအတွက်လည်း နိုင်ငံ့ခေါင်းဆောင်တွေ မီဒီယာတွေနဲ့ ပြည်သူတွေမှာ တာဝန်ရှိပါတယ်။ သူတို့ကို ထိုးနှက်တာထက် နားလည်အောင် စည်းရုံးသိမ်းသွင်းတဲ့ နည်းကသာ ပိုထိရောက်မယ် ယူဆပါတယ်။

ခိုင်မာတဲ့ နိုင်ငံရေးစနစ်တစ်ရပ်ကို ထူထောင်ရာမှာ လိုက်ပါဖို့ ခက်ခဲနေသူတွေကို ကျွန်တော်တို့ ပြောင်းလဲပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ သူတို့ကိုယ်တိုင် ကြိုးစားပြီး ပြောင်းလဲလာဖို့ အင်မတန်မှ ခက်ခဲနေတဲ့အတွက် အားလုံးက ဝိုင်းဝန်းပြီး စည်းရုံးဆွဲဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ မြန်မာ့နိုင်ငံရေး ဆန့်တငင်ငင် ဖြစ်နေရတဲ့ဘဝက လွတ်မြောက်နိုင်မှာ မဟုတ်ပါလား။

ညီသုတ (ဖာပွန်)

Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top