0

ACM RE-Post 18-6-2014

တဂိုးမှ မသွင်းနိုင်ဘဲ သရေကျသွားတဲ့ ဘရာဇီးနဲ့ မက္ကဆီကိုပွဲမှာ ဘောလုံးဝေဖန်သူတို့ ဩဘာပေးခံရသူက မက္ကဆီကို ဂိုးသမား Guillermo Ochoa ပဲ။ တပွဲလုံး ဘရာဇီး တိုက်စစ်ကို ကြံ့ကြံ့ခံ ကာကွယ်သွားခဲ့တယ်။ ဘရာဇီးက ပုံမှန် ၄-၃-၂-၁ နဲ့ စ ကစားတယ်။ Ramires က ဘယ်တောင်ပံ၊ Oscar ညာ၊ Neymar က အလယ်က ဖောက်တယ်။ မက္ကဆီကန်တွေက ကင်မရွန်းကို ၁ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ဆော့ခဲ့တဲ့အတိုင်း ၃-၅-၂ နဲ့ ကစားတယ်။ Miguel Layun နဲ့ Paul Aguilar တကွင်းလုံး ဆင်းတက် ကစားတယ်။ Oribe Peralta အလယ်က ကစားတယ်။ ပွဲပြီးခါနီး ၁၇ မိနစ်ကျမှ Javier Hernandez ထည့်ကစားခံရလို့ ဘောလုံးဝေဖန်ရေးဆရာတွေက မက္ကဆီကန်နည်းပြကို အပြစ်ပြောတယ်။ ဘရာဇီးနည်းပြ Luiz Felipe Scolari က နာသွားတဲ့ Hulk နေရာ Ramires ကိုထည့်လိုက်တော့ ညာတောင်ပံ ပိုအားကောင်းလာတယ်။ Dani Alves ကို ကူသွားနိုင်တယ်။ နောက် Oscar ညာထားပြီး Neymar ကို အလယ်က ဖောက်ခိုင်းတာလည်း ကောင်းတာပဲ။ ဒါပေမယ့် မက္ကဆီကို အလယ်တန်းလူ Jose Juan Vazquez သိပ်ကောင်းတယ်။ Neymar ကို နေရာမပေးရအောင် ချုပ်ထားနိုင်တယ်။ Oscar လည်း ဂိုးမသွင်းနိုင်ဘူး။ ဒီအတွဲ ဒီပွဲမှာ အလုပ်မဖြစ်တာကို Scolari က "ဂိုးတဂိုးမှ မသွင်းနိုင်ခဲ့ဘူး။ ကျနော်တို့ အခွင့်ကောင်းတွေ ရပါတယ်။ ဒါပေမယ့် သူတို့ ဂိုးသမား အရမ်းကောင်းနေတယ်"လို့ ကောက်ချက်ချတယ်။ နောက်အလုပ်မဖြစ်တာ ခရိုအေးရှားနဲ့ ကန်တဲ့ ကမ္ဘာ့ဖလား ဖွင့်ပွဲ စစချင်း ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ Marcelo ပဲ။ ဘရာဇီးရဲ့ အောင်ပွဲဆင်နိုင်မှုဟာ Neymar နဲ့ Marcelo ရဲ့ အချိတ်အဆက်ပဲ။ အခုပွဲ နောက်ပိုင်းမှာ Marcelo အလယ်ကို ရွှေ့ကစားကတည်းက ဒီအချိတ်အဆက် ရဖို့ အတော်ကြိုးစားနေခဲ့ရတယ်။ တခါတခါ သူ ပျောက်နေပြီး ကစားချင်စိတ် ရှိရဲ့လား မေးခွန်းထုတ်စရာလို့ ဝေဖန်ရေးဆရာတွေက ရေးတယ်။ ၂၀၁၃ ကွန်ဖယ်ဒရေးရှင်းဖလားမှာ ဘရာဇီး အံ့မခန်းဖြစ်ခဲ့ရတာ Fred၊ Oscar၊ Marcelo တို့ အချိတ်အဆက် အပေးအယူကောင်းခဲ့ပြီး Neymar ကို ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့လို့ပါ။ ဒီပွဲမှာ မက္ကဆီကန် ခြေကို ဝေဖန်ရေးဆရာတွေ တလေးတစားဖြစ်ကြရတယ်။ ခံစစ်တင်မက ဘရာဇီးကို ပြန်ခြိမ်းခြောက်နိုင်ခဲ့တယ်။ Jose Juan Vazquez အရမ်းကောင်းပြီး ကစားဟန် လှတယ်။ Andres Guardado ပထမပွဲထက် အများကြီး ပိုကောင်းတယ်။ ဂိုးသမား Ochoa အာရုံစူးစိုက်မှုကောင်းပြီး ဆုံးဖြတ်ချက် မှန်တယ်။ နည်းပြ Miguel Herrera ရဲ့အသင်း ချီးကျူးစရာပါ။

Aye Chan Mon Credit To: The Irrawaddy (Burmese Version)
http://www.ayechanmon-news1.com/

Post a Comment

 
Top