0


ACM Re-post 16-6-2014

နိုင်ငံတစ်ဝန်းရှိ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအတွက် အောင်လက်မှတ်များကို နေပြည်တော်နှင့် ရန်ကုန်မြို့တော် စာစစ်ဌာနရုံးတွင် လာမည့်ဇူလိုင်လဆန်းမှ စ၍ နေ့ချင်းပြီး ထုတ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က The Voice သို့ ပြောကြားသည်။

အောင်စာရင်းအားလုံးကို ကွန်ပျူတာစနစ်နှင့် သိမ်းဆည်းသောကြောင့် ယခင်နှစ်ထက် တစ်လနီးပါး စောပြီး အောင်လက်မှတ် ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ ကိုယ်စားလှယ်နှင့် ထုတ်လိုပါက ကိုယ်စားလှယ်လွှဲ ထောက်ခံစာဖြင့် လာရောက်ထုတ်နိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“လုပ်ငန်းလည်ပတ်မှုမှာ တဖြည်းဖြည်းနဲ့ လက်ရည်မှန်လာလို့ပဲ စောစော ထုတ်ပေးနိုင်တယ် ပြောရမယ်” ဟု ဦးမျိုးညွန့်က ဆိုသည်။

တက္ကသိုလ်ဝင်ခွင့်တွင် အောင်လက်မှတ် မလိုသောကြောင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတိုင်း အောင်လက်မှတ် ထုတ်ယူခြင်း မရှိဘဲ ရန်ကုန်မြို့နေ ကျောင်းသား၊ ကျောင်းသူ အများစုသာ စတင် ထုတ်ပေးစဉ် ကာလ၌ သွားရောက်ထုတ်ယူကြောင်း ပညာရေး အသိုင်းအဝိုင်းက ဆိုသည်။

“လက်မှတ်ထုတ်ပေးရင်တော့ သွားထုတ်ရမယ်။ နောက်ကျမှဆို အလုပ်ရှုပ်မှာစိုးလို့။ အပြင်သင်တန်းတွေလည်း တက်ချင် တက်လို့ရပြီလေ” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတစ်ဦးက The Voice သို့ ပြောကြားသည်။

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ဇွန်လ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတစ်ဝန်း အောင်မြင်သူ ၁၇၁,၆၄၇ ဦးရှိကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top