0

ဧရာဝတီ ACM Re-Post 19-6-2014

သာသနာရေးဝန်ကြီးဦးဆန်းဆင့်ကို ငွေကျပ် သိန်း ၁၀၀ အလွဲသုံးစားမှုဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာနက ဖမ်းဆီးအမှုဖွင့်ထားကြောင်း Eleven Media Group ၏ လူမှုကွန်ရက် စာမျက်နှာတွင် သတင်း ဖော်ပြခဲ့သည်။ သာသနာရေးဝန်ကြီးဌာန၏ စည်းကမ်းချက်တွင် မပါဝင်သော လုပ်ငန်းဖြစ်သည့် လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင် ကျေးရွာတွင် နှစ်ကျိပ်ရှစ်ဆူအောင်တော်မူ စေတီတော်ကို မိသားစုအလှူတရပ်အနေဖြင့် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း ဆည်းကပ် ကိုးကွယ်ရာတွင် ဌာနပိုင်ငွေများ ငွေကျပ် သိန်း ၁၀၀ ကျော် ထုတ်ယူသုံးစွဲခဲ့ပြီး ယင်းငွေများအနက် ငွေကျပ် ၂၈ သိန်း ကျော်ကိုသာ ပြန်လည်ပေးသွင်းခဲ့ကြောင်း၊ ကျန်ငွေ ၇၂ သိန်းကျော်ကို မိသားစုအနေဖြင့် လှူဒါန်းကာ ဘုရား အတွက် ကိုယ်ကျိုးသုံးစွဲခဲ့ပြီး ၀န်ကြီးဌာနငွေစာရင်းတွင် မမှန်မကန် စာရင်းပြခဲ့ကြောင်း၊ ထို့ကြောင့် ဦးဆန်းဆင့်နှင့် အပေါင်း အပါများကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် စသုံးလုံးက အမှုဖွင့် တိုင်ကြား ခဲ့ကြောင်း EMG သတင်းတွင် ဖော်ပြထားသည်။ နိုင်ငံရေးလေ့လာစောင့်ကြည့်သူများကမူ ယခုအမှုသည် မဟာသန္တိသုခကျောင်းကို ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်မည်ဟု သုံးသပ်နေကြသည်။ မဟာသန္တိသုခကျောင်းစီးနင်းမှုတွင် သမ္မတရုံးနှင့် သာသနာရေး ဝန်ကြီးဌာနတို့ သဘောကွဲခဲ့ကြောင်း မီဒီယာများသို့ ၂ ဘက် ပြောဆိုချက်များက ပြဆိုနေပြီး ဝန်ကြီးဌာနက သမ္မတရုံးကို ပမာမခန့်လုပ်ခဲ့ရာ သမ္မတ၏ လုပ်ဆောင်ခွင့်အတိုင်းအတာအပေါ် အများပြည်သူ မေးခွန်းထုတ်စရာ ဖြစ်လာရသည်။ သို့သော် အာဏာပိုင်များအတွင်း နိုင်ငံရေး အကွဲအပြဲဖြစ်ပြီး ဖြုတ်ထုတ်ကြသောအခါတိုင်း ငွေကြေးနှင့် အာဏာအလွဲသုံးစားလုပ်မှုဖြင့် အကြောင်းပြတတ်သည်မှာ မြန်မာ့ထုံးစံဖြစ်သည်။ ဦးဆန်းဆင့်သည် သမ္မတဦးသိန်းစိန်ကဲ့သို့ လာဘ်စားမှုကင်းရှင်းသူအဖြစ် လူသိများသည်။ ( သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့် ဓာတ်ပုံမှာ မေလအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် သံဃာ့ညီလာခံအခမ်းအနားတွင် ဖြစ်သည်။)

Aye Chan Mon Credit To: The Irrawaddy (Burmese Version)
http://www.ayechanmon-news1.com/

Post a Comment

 
Top