0
ရန်ကုန်၊ ACM Re-post 16-6-2014

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် ယခုရက်ပိုင်းအတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၁၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးကြီးမည် ဖြစ်သည့်အပြင် အလယ်ပိုင်း ဒေသများတွင်လည်း မိုးပိုလာနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းချက် ထုတ်ပြန်သည်။

မုတ်သုံလေအရှိန်ကြောင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းပြီး လှိုင်းကြီးနိုင်သဖြင့် ငါးဖမ်းရေယာဉ်များနှင့် ပြည်တွင်း၌ ပြေးဆွဲနေသည့် လေယာဉ်များအနေနှင့် မိုးလေဝသ အခြေအနေ ဆိုးရွားနိုင်မှုကို သတိပြု ထွက်ခွာရန် လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက သတိပေးပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့ မိုးရေချိန် တိုင်းထွာချက်များအရ ကျောက်ဖြူမြို့တွင် ၄ ဒသမ ၇၂ လက်မ၊ မြိတ်မြို့တွင် ၄ ဒသမ ၆၉ လက်မနှင့် ကျိုက်မရောမြို့တွင် ၄ ဒသမ ၄၈ လက်မအထိ ရရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း နေရာကွက်၍ မိုးကြီးခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးမြို့တော်တွင် ဇွန်လဆန်းပိုင်းက နေ့အပူချိန် မြင့်တက်လာမှုကြောင့် အပူလျှပ်မှု ဖြစ်ပေါ်ကာ လူသုံးဦး သေဆုံးပြီး ၁၇ ဦး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ကြောင်း အဆိုပါဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top