0
ရန်ကုန်၊ ACM Re-post 16-6-2014

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လာမည့် ရက်ပိုင်းအတွင်း မိုဘိုင်းလ်ဘဏ်စနစ် လုပ်ငန်းလုပ်ကိုင်ခွင့် ထပ်မံချထားပေးလျှင် သမဝါယမဘဏ် (CB Bank) က အေးဂျင့်နှင့် ငွေလွှဲပြောင်းနိုင်သည့် ဝန်ဆောင်မှု လုပ်ကိုင်မည် ဖြစ်ကြောင်း ယင်းဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောကြားသည်။
“လုပ်ကိုင်ခွင့်တော့ မရသေးဘူး။ အေးဂျင့်တွေတော့ ရွေးရဦးမယ်” ဟု ဦးဖေမြင့်က ဆိုသည်။

မိုဘိုင်းလ်ဘဏ် ဝန်ဆောင်မှုသည် ဘဏ်ဖွင့်လှစ်ရန် ခက်ခဲသော ဒေသများနှင့် ကျေးလက်နေလူထု ဘဏ်ဝန်ဆောင်မှုများ သုံးစွဲနိုင်ရန် လုပ်ဆောင်ထားသော စနစ်တစ်ခု ဖြစ်ပြီး ယင်းစနစ် အောင်မြင်ရန် ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်ရန် လိုကြောင်း ပြည်တွင်းဘဏ်လုပ်ငန်းရှင် တစ်ဦးက ပြောဆိုသည်။

လတ်တလောတွင် သမဝါယမဘဏ်သည် ဗဟိုဘဏ်၏ စမ်းသပ် လုပ်ကိုင်ခွင့်ဖြင့် မိုဘိုင်းလ်ဘဏ်စနစ် ပါဝင်သော ဝန်ဆောင်မှုများ ဖြစ်သည့် မိုဘိုင်းလ်ဖုန်းကို အသုံးပြု၍ ဘဏ်အပ်ငွေ စာရင်းအချင်းချင်း ငွေလွှဲပြောင်းခြင်း၊ ဘဏ်အပ်ငွေစာရင်း (Bank Account) စစ်ဆေးခြင်း၊ ဘဏ်ငွေစာရင်းမှ CB Bank MPU ကတ်အတွင်းသို့ ငွေလွှဲခြင်း၊ ဖုန်းအင်တာနက်ဖြင့် ငွေလဲနှုန်း၊ ဘဏ်တည်နေရာများနှင့် ATM စက် တည်နေရာ ကြည့်ရှုခြင်းများကို လုပ်ကိုင်နေပြီး အေးဂျင့်နှင့် ငွေလွှဲဝန်ဆောင်မှု လုပ်ကိုင်ရန် အေးဂျင့် လျှောက်လွှာများ စတင် လက်ခံလျက်ရှိကြောင်း သမဝါယမ ဘဏ်ထံမှ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျေးလက်လူထုနှင့် ဘဏ်ဝန်ဆောင်မှု အသုံးပြုမှု နည်းပါးသူများ အသုံးပြုနိုင်ရန် ရည်ရွယ်၍ မိုဘိုင်းလ်ဘဏ်စနစ် လုပ်ကိုင်ခွင့်များကို ခွင့်ပြုပေးနေပြီး ယခုလအတွင်း ပထမပုဂ္ဂလိကဘဏ် လီမိတက်နှင့် CB ဘဏ်တို့ကို စတင် လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူး ဒေါ်မေတိုးဝင်းက ဇွန်လ ၇ ရက်နေ့က ရန်ကုန်မြို့တော်ရှိ ပြည်ထောင်စုလွှတ်တော် ရုံးခွဲတွင် ပြုလုပ်သည့် ခိုင်မာသော ငွေကြေးစနစ်တစ်ခု ဖြစ်ထွန်းရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားထားသည်။

မိုဘိုင်းလ်ဘဏ်စနစ် ဝန်ဆောင်မှုကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လက်အောက်ရှိ အင်းဝဘဏ်နှင့် မြဝတီဘဏ်တို့က ဝန်ဆောင်မှု ပေးနေကြောင်း ဒေါ်မေတိုးဝင်းက ပြောဆိုသည်။

Aye Chan Mon Credit To: The Voice
http://www.ayechanmon-news1.com/

Post a Comment

 
Top