0

ကရင်အမျိုးသား အစည်းအရုံး KNU ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့ ကရင်ပြည်နယ် ဘားအံမြို့မှာ ဒေသခံ ကရင်တိုင်းရင်းသားတွေ ကရင်နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကို ဘားအံမြို့ သုမေဓာရာမ ကြားတောရကျောင်းတိုက်မှာ ကျင်းပခဲ့တာဖြစ်ပြီး KNU ဘက်က ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့တယ်လို့ ဒီနေ့တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းစေအွာက အခုလို ပြောပါ တယ်။

"ဒီနေ့ကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကေအဲန်ယူဘက်က ရှင်းပြတာရှိတယ်၊ ပြီးတော့ ကရင်ဒေသခံတွေက အကြံပြုဆွေးနွေးတာ မေးမြန်းတာတွေကို ပြန်ဖြေကြားပေးတာလုပ်ပေးတယ်၊ ပြည်သူလူထုတွေအားလုံး မေးတာကတော့ ကရင်ပြည်နယ်မှာ ကရင်လူမျိုးဝန်ကြီးချုပ် မဖြစ်တဲ့ကိစ္စ၊ အဲဒါကို ဒေသခံလူထုက စိတ်မကောင်းဖြစ်ကြတာပေါ့၊ အဲဒါကို သူတို့အနေနဲ့ သေသေချာချာကို တိုက်တွန်းခဲ့ပါတယ်၊ ကေအဲန်ယူဘက်ကလည်း ရှေ့တိုးတာမဟုတ်ဘဲနဲ့ နောက်တစ်လှမ်းဆုတ်ပြီးတော့ ပြန်လည်သုံးသတ်တဲ့ သဘောပေါ့နော်၊ ဒေသခံတွေရဲ့ သဘောထားတွေကို ပြန်ပြီးတော့ယူတာဖြစ်ပါတယ်"

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ကရင်လူထုက ကရင်ပြည်နယ်မှာ လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာတွေနဲ့ ဘားအံမြို့နယ် မိကရင်ကျေးရွာမှာတည်ဆောက်မယ့် ဘိလပ်မြေစက်ရုံကိစ္စကို ကန့်ကွက်ကြောင်းတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဘိလပ်မြေစက်ရုံ တည်ဆောက်မယ့်ကိစ္စမှာ ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှုရှိ၊ မရှိကို စစ်ဆေးသွားမယ်လို့ KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ကတိပေးခဲ့ ကြောင်းလည်း သိရပါတယ်။

KNU ဒုတိယဥက္ကဌ နော်စီဖိုးရာစိန်က ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှု ပြဿနာကို KNU တပ်ဖွဲ့တစ်ခုတည်းနဲ့ ဖြေရှင်းလို့မရဘဲ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးနဲ့ အရပ် ဘက်လူမှုအဖွဲ့အစည်းတွေ၊ ပြည်သူလူထုအားလုံးကပါ ၀ိုင်းဝန်းဖြေရှင်းဖို့ လိုအပ်ကြောင်းကိုလည်း ပြောခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကို ကရင်တိုင်းရင်းသားတွေအပြင် ကရင်ပြည်နယ်အတွင်းက နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပါအဝင် စုစုပေါင်း လူ ၅၀၀ နီးပါးလောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Aye Chan Mon# Credit To : RFA Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top