0


နေပြည်တော် ACM Re-Post 28-5-2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ရှေ့၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိလာသော ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့(Japan's Self Defense Force) ၏ စစ်ဦးစီးချုပ် General Shigeru IWASAKI အား ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

အဆိုပါ ဂုဏ်ပြု ကြိုဆိုပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှုးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက် ကြပြီး ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ (Japan's Self Defense Force) ၏ စစ်ဦးစီးချုပ် General Shigeru IWASAKI နှင့်အတူ ဂျပန်ကိုယ် ပိုင် ကာကွယ်ရေး တပ်ဖွဲ့မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ စစ်သံမှူး Colonel Takashi HARA တို့ တက်ရောက် ကြသည်။

ရှေးဦးစွာ ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ (Japan's Self Defense Force) ၏ စစ်ဦးစီးချုပ် General Shigeru IWASAKI သည် ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပ ပြုလုပ်မည့် ဇေယျာ သီရိ ဗိမာန်ရှေ့သို့ မော်တော် ယာဉ်ဖြင့် ရောက်ရှိလာရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခင်မင် ရင်းနှီးစွာ ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ (Japan's Self Defense Force) ၏ စစ်ဦးစီးချုပ် General Shigeru IWASAKI နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် အလေးပြုခံ စင်မြင့်သို့ သွားရောက်၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။

ထိုအချိန်တွင် တပ်မတော် စစ်တီးဝိုင်းက နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများအား ဂုဏ်ပြု တီးမှုတ်သည်။ ၎င်းနောက် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့၏ စစ်ဦးစီးချုပ် သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ဂုဏ်ပြုတပ် ဖွဲ့အား စစ်ဆေးသည်။

ယင်းနောက် ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့၏ စစ်ဦးစီးချုပ်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၎င်းနှင့် အတူ အခမ်း အနား တက်ရောက် လာကြသည့် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့မှ အရာရှိကြီးများနှင့် မိတ်ဆက်ပေးသည်။

အလားတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့၏ စစ်ဦးစီးချုပ်အား ၎င်းနှင့်အတူ အခမ်းအနား တက်ရောက်လာကြသည့် တပ်မတော် အရာရှိကြီးများနှင့် ပြန်လည် မိတ်ဆက်ပေးသည်။

ယင်းနောက် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ (Japan's Self Defense Force) ၏ စစ်ဦးစီးချုပ် General Shigeru IWASAKI သည် ဇေယျာသီရိ ဗိမာန်ဧည့်သည် တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမ ဆောင်၌ ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ (Japan's Self Defense Force) ၏ စစ်ဦးစီးချုပ် General Shigeru IWASAKI အား လက်ခံတွေ့ ဆုံသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အဆွေတော်၏ ခရီးစဉ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ လာ ရောက်သည့် ဂျပန်နိုင်ငံ စစ်ဦးစီးချုပ်၏ ခရီးစဉ်ဖြစ်၍ မြန်မာ- ဂျပန် တပ်မတော် နှစ်ရပ်ကြား သမိုင်း မော်ကွန်း တင်ရမည့် ခရီးစဉ်ဖြစ်ကြောင်း၊ ယခုနှစ်သည် ၁၉၅၄ ခုနှစ်က စတင်ခဲ့သည့် မြန်မာ- ဂျပန် သံတမန် ဆက်ဆံရေး နှစ် ၆ဝပြည့်နှစ် ဖြစ်သကဲ့သို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ရပ်ကို မြန်မာ၊ တရုတ်၊ အိန္ဒိယ သုံးနိုင်ငံ သဘောတူလက်မှတ် ရေးထိုးခဲ့မှု နှစ် ၆ဝပြည့်နှစ်ဖြစ်၍ ထူးခြားပါကြောင်း၊

မြန်မာ့ တပ်မတော်နှင့် ဂျပန် တပ်မတော် တို့သည် သမိုင်းအရ ဆက်စပ်မှု များ ရှိခဲ့ကြောင်း၊ မြန်မာ့ တပ်မတော်၏ ပထမ မျိုးဆက်သစ်ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ရဲဘော် သုံးကျိပ်သည် ဂျပန် နိုင်ငံတွင် စစ်ပညာ သင်ကြား ခဲ့ကြောင်း၊ ဂျပန်တို့မှ သင်ကြားပေးခဲ့သည့် ခေတ်မီစစ်ပညာနှင့် ရဲဘော်သုံးကျိပ်၏ ဦးဆောင်မှုဖြင့် မြန်မာ့ တပ်မတော်ကို သန္ဓေတည် ဖွဲ့စည်းခဲ့ပြီး မြန်မာ့ လွတ်လပ်ရေးကို ရယူနိုင်ခဲ့သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ လွတ်လပ်ရေး ရပြီး နောက်ပိုင်း တပ်မတော်၏ ဒုတိယ မျိုးဆက်တွင်လည်း ဂျပန် တပ်မတော်သုံး စစ်ပစ္စည်းများစွာ မြန်မာ့ တပ်မတော်တွင် သုံးစွဲခဲ့ပြီး ဆက်ဆံရေး မပျက်ခဲ့ကြောင်း၊

လက်ရှိ တပ်မတော်၏ ခေါင်းဆောင်များ အနေဖြင့်လည်း ဂျပန်တပ်မတော်နှင့် အကျိုးတူ ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ အနေဖြင့် လူဦးရေ လွန်စွာ များပြားသည့် တရုတ်၊ အိန္ဒိယ အပါအဝင် အိမ်နီးချင်း ၅နိုင်ငံ အလယ်တွင် တည်ရှိပြီး လူဦးရေ သန်း ၆ဝဝခန့်ရှိသည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်သလို ဘင်းမ်စတက် အဖွဲ့ဝင် နိုင်ငံလည်း ဖြစ်ပါကြောင်း၊ လက်ရှိ မိမိနိုင်ငံသည် တပ်မတော် အစိုးရက စတင်ဖော်ဆောင် ပေးခဲ့သည့် ဒီမို ကရေစီ လမ်းကြောင်း ပေါ်တွင် လျှောက်လှမ်း နေပါကြောင်း၊

နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွား ရေးအရ ပြုပြင်ပြောင်းလဲ မှုများကြောင့် ပွင့်လင်းမြင်သာမှု များစွာ ရှိပါကြောင်း၊ တပ်မတော် အနေဖြင့် စည်းကမ်း နှင့်အညီ၊ နိုင်ငံတော် အခြေ အနေနှင့် ကိုက်ညီသော ဒီမိုကရေစီ စနစ်ကို လိုလား ပါကြောင်း၊ အောင်မြင်အောင်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရန် အတွက် တည်ငြိမ် အေးချမ်းပြီး လက်နက်ကိုင်ပ ဋိပက္ခများ ချုပ်ငြိမ်း ပပျောက်သွားစေရန် ဥပဒေ နှင့်အညီ ကြိုးပမ်း ဆောင် ရွက်နေကြောင်း၊ နိုင်ငံ တကာ ဆက်ဆံရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ အကြား၊ နိုင်ငံတကာ အကြား ဆက်ဆံရေး ကိစ္စရပ်များတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူများ နှင့်အညီ လုပ်ဆောင် လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံနှင့် နှစ်နိုင်ငံ၊ တပ်မတော် နှစ်ရပ် အကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့် နယ်ပယ်များတွင် အပြန်အလှန် ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံ ရေးမြှင့်တင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ဂျပန် ကာကွယ်ရေး တပ်ဖွဲ့၏ စစ်ဦးစီးချုပ်က ဂျပန်- မြန်မာ ဆက်ဆံရေး သမိုင်းရှည်လျားစွာ ရှိခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံသည် မိမိတို့၏ မိတ်ဆွေဟောင်း ဖြစ်ခဲ့သလို မိတ်ဆွေသစ်လည်း ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှ စတင်၍ ပါဝင်ခဲ့ပြီး နှစ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ သမိုင်းကိုလည်း အလေးထားပါကြောင်း၊ လက်ရှိ ဒီမိုကရေစီ ဖော်ဆောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုများတွင်လည်း မိတ်ဆွေသစ် အနေဖြင့် ကူညီဆောင် ရွက်သွားမည် ဖြစ်ကြောင်း၊

လက်ရှိ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင် နေချိန်တွင် အာဆီယံ တပ်မတော်ပိုင်း ဆိုင်ရာ အစည်းအဝေးများ အောင်မြင်စွာ ကျင်းပ ဆောင်ရွက်နိုင်သည် ကိုလည်း ဂုဏ်ယူပါကြောင်း၊ နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်ကြား အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ အပါအဝင် နည်းလမ်း ပေါင်းစုံ ဖြင့် ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် General Shigeru IWASAKI တို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ည ၇နာရီတွင် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်၌ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ (Japan's Self Defense Force) ၏ စစ်ဦးစီးချုပ် General Shigeru IWASAKI နှင့်ဇနီးတို့အား ဂုဏ်ပြု ညစာစား ပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက် လာသော ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ (Japan's Self Defense Force) ၏ စစ်ဦးစီးချုပ် General Shigeru IWASAKI နှင့်ဇနီးတို့အား ခင်မင်ရင်းနှီးစွာ ကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး General Shigeru IWASAKI က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ (Japan's Self Defense Force) ၏ စစ်ဦးစီးချုပ် General Shigeru IWASAKI နှင့်ဇနီး တို့သည် အဖွဲ့ဝင် များနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း မြဝတီ တေးဂီတ အဖွဲ့က တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ညစာ သုံးဆောင် အပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ General Shigeru IWASAKI နှင့် ဇနီးတို့သည် လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး သီဆိုဖျော်ဖြေ ခဲ့ကြသော မြဝတီ တေးဂီတ အဖွဲ့ သားများအား ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ကာ အဖွဲ့ဝင် များနှင့်အတူ စုပေါင်း အမှတ် တရ ဓာတ်ပုံရိုက် ခဲ့ကြကြောင်း သတင်းရရှိသည်။

Aye Chan Mon Credit To:မြ၀တီ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
 (7 photos)

Post a Comment

 
Top