0


ရန်ကုန်၊ ACM Re-Post 31-5-2014

သာသနာရေး ဝန်ကြီးဋ္ဌာနမှ ရေးဆွဲထားသော ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းသည် မြန်မာနိုင်ငံရှိ လူမျိုးစုများအကြား ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေနိုင်ကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က မေလ ၂၉ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်သည်။

မေလ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းတွင် ဘာသာရေးသည် နိုင်ငံရေးသဘော သက်ဝင်နေသောကြောင့် အစိုးရသည် ဘာသာရေးကို ဝင်ရောက် စွက်ဖက်နိုင်ကြောင်းနှင့် အမျိုးဘာသာ၊ လူမျိုးစု တင်းမာမှု ဖြစ်စေနိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် လူနည်းစု ဘာသာဝင်များကို ဖိနှိပ်ပြီး အကြမ်းဖက်ခြင်းကို အားမပေးစေသော ဥပဒေအဖြစ် မြန်မာ့လွှတ်တော်က အဆိုပါ ဥပဒေမူကြမ်းကို လုပ်ဆောင်ပေးရန် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က တိုက်တွန်းကြောင်း ရေးသားဖော်ပြထားသည်။

အဆိုပါ ဥပဒေကြမ်းတွင် တခြားဘာသာကို ကူးပြောင်းနိုင်ခွင့် မရှိဟု ပိတ်ပင်ထားခြင်း မရှိသောကြောင့် လူ့အခွင့်အရေးစံနှုန်းကို ချိုးဖောက်ခြင်း မရှိကြောင်းနှင့် အကြမ်းဖက်မှု ဖြစ်ပွားလာစေမည့် အကြောင်းအရာ မပါရှိကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) မှ အဖွဲ့ဝင် အရှင်ပညာဝရ ကမိန့်ကြားသည်။

“လူအများစု ဘာသာဝင်တွေအတွက် မဟုတ်ဘူး၊ ဘာသာ အားလုံးအတွက် ရေးဆွဲထားတာလေ။ ဥပဒေကြမ်းကို သေသေချာချာ ဖတ်ပြီးမှ ဝေဖန်ကြပါ၊ မည်သည့် အကြမ်းဖက်မှုမှ မဖြစ်ပွားစေနိုင်ဘူး” ဟု ၎င်းက မိန့်ဆိုသည်။

အဆိုပါ သာသနာရေး ဝန်ကြီးဌာနမှ ရေးဆွဲထားသော ဥပဒေမူကြမ်းတွင် ဘာသာကူးပြောင်းလိုသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည် ဖြစ်ပြီး မိမိကိုးကွယ်ရာ ဘာသာမှ အခြားဘာသာသို့ မိမိ၏ သဘောဆန္ဒအတိုင်း ကူးပြောင်းခြင်း ဟုတ်မဟုတ်ကို ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ စိစစ် မှတ်ပုံတင်ရေးအဖွဲ့မှ စိစစ်မည်ဟု ပါရှိသည်။

ထို့အပြင် ဘာသာကူးပြောင်းလိုသူသည် အခြားဘာသာကို လေ့လာနိုင်ရန် ရက်ပေါင်း ၁၈၀ အထိ သတ်မှတ်ထားပြီးနောက် ကူးပြောင်းလိုကြောင်း ဆန္ဒရှိလျှင် မှတ်ပုံတင်ရေးအဖွဲ့က ဘာသာကူးပြောင်းခြင်းဆိုင်ရာ မှတ်ပုံတင်ကို ထုတ်ပေးမည် ဖြစ်ကြောင်း ထည့်သွင်း ရေးဆွဲထားသည်။

ဘာသာသာသနာကို စော်ကားရန်၊ အကြည်ညို ပျက်စေရန်၊ ဖျက်ဆီးရန် (သို့မဟုတ်) အလွဲသုံးစားပြုရန် အကြံဖြင့် ဘာသာကူးပြောင်းပါက ၂ နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ကျပ်နှစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု အဆိုပါ ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်း တောင်းဆိုမှုကြောင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ် စဉ်းစားပေးရန် ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။

ယင်းသို့ မျိုးစောင့်ဥပဒေကို ကော်မရှင်များ ဖွဲ့စည်းကာ ရေးဆွဲနေခြင်းကို ကန့်ကွက်ကြောင်းနှင့် မျိုးစောင့်ဥပဒေ ရေးဆွဲရာတွင် အမျိုးသမီးများ အခွင့်အရေးကို ချိုးဖောက်မှု နည်းပါးစေရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ နိုင်ငံတော် သံဃမဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့နှင့် တွေ့ဆုံရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်း ၁၁၀ က ထုတ်ပြန် ပြောကြားထားသည်။

Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top