Published on: May 15, 2014
Written by: ကျော်ဇင်ဝင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများထံသို့ ကြိုတင်ပေးပို့ထားသော ရွေးကောက်ပွဲညွှန်ကြားချက် ၁/၂၀၁၄ မူကြမ်းတွင်ပါဝင်သည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်း နည်းလမ်းများတွင် ပါဝင်သော ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆွယ်စည်းရုံးရာတွင် ကော်မရှင်ထံ ခွင့်ပြုချက် တောင်းခံရမည်ဆိုသည့် အချက်အား အသိပေး အကြောင်းကြားခြင်းဆိုသည့် အချက်ဖြင့် ပြင်ဆင်ရန် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် (FDA) အဖွဲ့က ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံရာတွင် တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမူကြမ်းမှာ ရွေးကောက်ပွဲကော်မရှင်မှ အတည်ပြုထုတ်ပြန်ခြင်း မရှိသေးဘဲ နိုင်ငံရေးပါတီများအနေဖြင့် လေ့လာရန် ပေးပို့ထားခြင်းဖြစ်ပြီး မေ ၁၅ ရက်တွင် ရန်ကုန်မြို့၌ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးမှသာ ထုတ်ပြန်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ညွှန်ကြားချက်မူကြမ်း၌ ပါရှိသော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ပေးထားသည့် ရက်အကန့်အသတ်ဖြစ်သော ရက်ပေါင်း ၃၀ မှာ နည်းလွန်းသည့်အတွက် ရက်ပေါင်း ၆၀ သို့ တိုးမြှင့်တောင်းခံမည်ဖြစ်ကြောင်း FDA အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အတွင်းရေးမှူး (၂) ဦးနေမျိုးကျော်က ပြောကြားသည်။
အလားတူ မဲဆွယ်စည်းရုံးမည့် အစီအစဉ်များအား ရွေးကောက်ပွဲကော်မရှင်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုကြောင်း အမည်စာရင်း ကြေညာပြီးသည့်နေ့မှ ၁၅ ရက်အတွင်း တင်ပြရမည်ဆိုသည့် အချက်ကိုလည်း ပြင်ဆင်ပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။
“ဒီမှာ ၁၅ ရက်နဲ့ပဲ ကျွန်တော်တို့က Campaign Plan ကြီးကို ကော်မရှင်ကို အသိပေးပြီးတော့ ရွေးကောက်ပွဲကာလကို ဖြတ်သန်းရမယ့်ပုံစံ ဖြစ်နေတယ်။ အဲဒီဟာကို နိုင်ငံရေးပါတီတွေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ပိုပြီးတော့ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလို့ရအောင်လို့ ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာပြီးနေ့မှစ၍ ရွေးကောက်ပွဲကျင်းပမည့်ရက် မတိုင်မီ နှစ်ရက်အလိုထိ အသိပေး အကြောင်းကြားခွင့်ဆိုတာကို တောင်းဆိုမှာပါ” ဟု ဦးနေမျိုးကျော်က ပြောကြားသည်။
ယင်းအပြင် နိုင်ငံရေးပါတီများ အနေဖြင့် ပုဂ္ဂလိကပိုင် မီဒီယာများမှ မဲဆွယ်စည်းရုံးခြင်းများ ရိုက်ကူးထုတ်လွှင့်ခြင်းများ ပြုလုပ်လိုပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်ဟု မူကြမ်း၌ပါဝင်ပြီး ၎င်းအချက်သည်လည်း ခွင့်ပြုချက်(ပါမစ်) ယူရသည့်ပုံစံ ဖြစ်နေသဖြင့် အဆိုပါအချက်ကိုလည်း ပြင်ဆင်ပေးရန် FDA အနေဖြင့် တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။
Aye Chan Mon# Credit To : Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment