0


ရန်ကုန်၊ မေ ၅

မြန်မာနိုင်ငံတွင် ယခုနှစ် မကုန်မီ မိုဘိုင်းလ်နှင့် အင်တာနက် အခြေပြု ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ (e-Commerce) စတင်နိုင်မည် ဖြစ်ကြောင်း ကာတာကုမ္ပဏီ အော်ရီးဒူးနှင့် ဂျာမနီ အင်တာနက် စီးပွားရေး လုပ်ငန်း Rocket Internet တို့ ပူးပေါင်း ရင်းနှီးမြှုပ်နှံထားသည့် Asia Internet Holding ထံမှ သိရသည်။

အဆိုပါ ကုမ္ပဏီသည် မိုဘိုင်းလ်အခြေပြု e-Commerce ဝန်ဆောင်မှုများကို မြန်မာအပါအဝင် ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် သြစတေးလျ စသည့် အာရှဒေသတွင်း ဈေးကွက် ၁၅ ခုတွင် ဝင်ရောက် လုပ်ကိုင်သွားရန် ပြင်ဆင်နေပြီး ယင်းနိုင်ငံများ၏ စည်းမျဉ်း ဥပဒေများပေါ် မူတည်ကာ ၂၀၁၄ ဒုတိယ လေးလပတ် မတိုင်မီ ဝန်ဆောင်မှု ပေးသွားမည်ဟု အော်ရီဒူးက ထုတ်ပြန်ထားသည်။

“လူတွေက သူတို့ မိုဘိုင်းလ် ဖုန်းတွေက တစ်ဆင့် ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မူတွေကို ဝယ်လာကြတယ်။ ဒါဟာ မြန်မာအပါအဝင် အာရှဈေးကွက်တွေမှာ သိသာလာတယ်။ ကျွန်တော်တို့ရဲ့ ဖက်စပ်လုပ်ငန်းက အာရှတလွှားမှာ e-Commerce ဈေးကွက် ဦးဆောင်သူ ဖြစ်လာဖို့ မျှော်လင့်တယ်” ဟု အော်ရီးဒူးမြန်မာမှ အမှုဆောင်အရာရှိချုပ် Ross Cormack က ဆိုသည်။

e-Commerce လုပ်ငန်းသည် မြန်မာပြည်အတွက် နည်းပညာလုပ်ငန်းမှ တစ်ဆင့် အကျိုးအမြတ်များ ဖော်ထုတ်ရရှိနိုင်ပြီး စီးပွားရေး တိုးတက်မှု အခွင့်အလမ်းများ၊ လုပ်ငန်းသစ်များတွင် ရင်းနှီးမြှုပ်နှံမှုများ၊ ဝင်ငွေများနှင့် အင်တာနက် အသုံးချနိုင်မူများလည်း ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းလုပ်ငန်းသည် အလားအလာကောင်းများ ရှိနေသည့်အတွက် Ooredoo နှင့် Rocket Internet တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ မိုဘိုင်းလ် ဖုန်းပေါ်မှ တစ်ဆင့် ငွေပေးချေမှု စနစ်များ၊ ကုန်ပစ္စည်း ဝယ်ယူမှုနှင့် ရောင်းချမှု အပါအဝင် e-Cormmerce လုပ်ငန်း အမျိုးအစားများစွာ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း Rocket Internet ကို ပူးတွဲတည်ထောင်သူ Oliver Samwer က ဆိုသည်။

“လက်ရှိလည်း လုပ်နေကြတာပဲ။ သူတို့ကတော့ ငွေကြေးရော၊ နည်းပညာပါ အင်နဲ့အားနဲ့ လုပ်ကြမှာဆိုတော့ တိုင်းပြည်အတွက်လည်း ဈေးကွက်သစ် တစ်ခု ဖန်တီးနိုင်တာပေါ့။ ဆက်သွယ်ရေး နည်းဥပဒေ ထွက်လာရင်တော့ လုပ်ရကိုင်ရတာ ပိုရှင်းရှင်းလင်းလင်း ရှိလာမယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Rocket Internet ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ထိပ်တန်း မော်တော်ယာဉ် အရောင်းအဝယ် Website တစ်ခုဖြစ်သည့် motor.com.mm ကို တည်ထောင်ထားသည့် ကုမ္ပဏီဖြစ်ပြီး အော်ရီးဒူး မြန်မာသည် မြန်မာနိုင်ငံအတွင်း မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်သည်။

Aye Chan Mon# Credit To : The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top