ACM Re-Post 28-5-2014
Written by: ကိုထက်
ခုတစ်လော နေပြည်တော်မှာ ပြုလုပ်ကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးတွေကို သွားရောက်သတင်းယူနေရတော့ သတင်းသမားတစ်ယောက် အမြင်နဲ့ convention center တွေကို လေ့လာကြည့်ပါတယ်။ မြင်တဲ့အတိုင်းပြောရရင် ရန်ကုန်လိုမြို့တော်ဟောင်းမှာတောင် မရှိလောက်တဲ့ ကြီးကျယ်ခမ်းနားပြီး ထည်ဝါတဲ့ အဆောက်အအုံတွေ ဖြစ်ပါတယ်။ အတူပါတဲ့ နိုင်ငံတကာပွဲ အတော်တော်များများကို တက်ဖူးတဲ့ အယ်ဒီတာအစ်ကို ပြောတာကတော့ အဆောက်အအုံတွေက နိုင်ငံတကာ အဆင့်အတန်း မီပါတယ်တဲ့။ အဆောက်အအုံကြီးက နိုင်ငံတကာအဆင့်အတန်း မီပေမယ့် ပွဲစီစဉ်ဆောင်ရွက်တဲ့သူကနေ သန့်ရှင်းရေးလုပ်တဲ့အထိ တာဝန်ယူထားတဲ့ ၀န်ထမ်းတွေကကော နိုင်ငံတကာနဲ့ ဆက်ဆံရင် အဆင်ပြေပါ့မလားလို့ စဉ်းစားမိပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၇ ကြိမ်မြောက် အားကစားပွဲတော်တုန်းကလည်း ၀န်ထမ်းတွေ အင်္ဂလိပ်စကားပြော အားနည်းတာကို သတိထားမိပါတယ်။ ယခုလည်း မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ summit ထိပ်သီးအစည်းအဝေးကို အပြည်ပြည်ဆိုင်ရာက သတင်းထောက် အယောက် ၄၀၀ ကျော် တက်ရောက်သတင်းယူခဲ့ပါတယ်။
မြန်မာနိုင်ငံကိုလာပြီး သတင်းယူတော့ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲက ဘာသာစကားပါပဲလို့ နိုင်ငံခြား သတင်းထောက် တော်တော်များများက ပြောကြပါတယ်။ နိုင်ငံခြား သတင်းထောက်တွေက ဘယ်နေရာက ၀င်ရမှန်းမသိ။ ဘယ်အပေါက်ကထွက်ရင် ဘယ်ကိုရောက်မလဲ မသိဆိုတဲ့ မသိခြင်းများစွာ အခက်အခဲတွေကို ကြုံရတော့ အနားမှာရှိတဲ့ ၀န်ထမ်းကို မေးတဲ့အခါ အချို့က အင်္ဂလိပ်လို အထိုက်အလျောက် မပြောတတ်ကြပါဘူး။ ၀န်ထမ်းတွေကလည်း ဘယ်ကနေသွားရင် ဘယ်ကိုရောက်တယ်ဆိုတာ လမ်းညွှန်ပေးချင်တဲ့ စိတ်ဆန္ဒ ရှိကြပေမယ့် အင်္ဂလိပ်လို လိပ်ပတ်လည်အောင် မပြောတတ်တာတော့ အခက်အခဲတစ်ခု ဖြစ်နေပါတယ်။
ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်တဲ့ သတင်းထောက်တိုင်းကို ၀န်ထမ်းတွေက နိုင်ငံခြားသားလို့ ထင်တတ်တာလည်း အကြောင်းအရာ တစ်ခုပါပဲ။ ကျွန်တော့်ကိုယ်တွေ့ အဖြစ်အပျက်လေး တစ်ခုကို ပြောပြချင်ပါတယ်။ အဲ့ဒီနေ့က အာဆီယံထိပ်သီး အစည်းအဝေးကျင်းပတဲ့ ဒုတိယမြောက်နေ့ ဖြစ်ပါတယ်။ မေလဆိုတော့ နေပြည်တော်တစ်ဝိုက်မှာလည်း မိုးတွေက ရွာသွန်းနေပါတယ်။
ကျွန်တော်တို့ဟာ နွေးထွေးတဲ့ လူ့အသိုင်းအ၀ိုင်းရွာထဲကို ပြန်လည်ဝင်ရောက်လာတဲ့အခါ ပတ်ဝန်းကျင် အိမ်နီးချင်းကလူတွေက စိတ်ဝင်တစား လာရောက်မိတ်ဆက်ကြပါလိမ့်မယ်။ ကျွန်တော်တို့ အကြောင်းကိုလည်း သိချင်ကြပါလိမ့်မယ်။ သူတို့ သိချင်တဲ့အခါလည်း ပြန်ပြောနိုင်ရပါလိမ့်မယ် . . . . .
ကျွန်တော် အပြင်ကနေလာတော့ သတင်းထောက်တွေအတွက် သတ်မှတ်ပေးထားတဲ့ media room ကိုပတ်သွားရင် မိုးစိုမှာဖြစ်တဲ့အတွက် အလယ်ပေါက်ကနေ ခပ်တည်တည်ပဲ ၀င်လိုက်ပါတယ်။ အဲ့ဒီမှာ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ကျွန်တော့်ကို ဒီနေရာကနေ မဖြတ်ရဘူးလို့ အင်္ဂလိပ်လို လာပြောပါတယ်။ “GO အလယ်ပေါက်” တဲ့ အင်္ဂလိပ်စကားကို မြန်မာစကားနဲ့ ပေါင်းစပ်ပြောလိုက်တာ ဖြစ်ပါတယ်။ GO အလယ်ပေါက်ဆိုတာ ဘာအဓိပ္ပာယ်လဲလို့ အင်္ဂလိပ်လို ထပ်မေးလိုက်တော့ သူမသိတော့ပါဘူး။
တစ်ကယ်လို့သာ ကျွန်တော့်နေရာမှာ နိုင်ငံခြားသားတစ်ယောက် ဖြစ်မယ်ဆိုရင် မေးတဲ့ နိုင်ငံခြားသားလည်း စိတ်ကသိကအောက် ဖြစ်မှာဖြစ်သလို အမေးခံရတဲ့ ၀န်ထမ်းလည်း နိုင်ငံခြားသားကို ပြန်ပြောရမှာ အဆင်မပြေတော့တဲ့အတွက် အလုပ်ကို စိတ်ပျက်လာနိုင်ပါတယ်။ အာဆီယံပွဲတွေအတွက် အစိုးရက ၀န်ထမ်းတွေကို လေ့ကျင့်ပေးတယ် ဆိုပေမယ့် တကယ်ပွဲမှာလုပ်ရတဲ့ ၀န်ထမ်းက သက်သက်၊ သက်ဆိုင်ရာ ဌာနတွေက တက်ခိုင်းတဲ့ သင်တန်းတွေကို တက်ရတဲ့သူက သက်သက်ဖြစ်တယ်လို့ ၀န်ထမ်းတချို့က ပြောပါတယ်။
ဝန်ထမ်းတွေပြောတဲ့ စကားကြောင့် ဌာနမှာ သင်တန်းတက်ဖို့ရှိတိုင်း သင်တန်းတက်မယ့် လူဦးရေပြည့်ရင် ပြီးရောဆိုပြီး တက်ချင်တဲ့သူ တက်ခိုင်းတာလား၊ မိမိနဲ့ လက်ပွန်းတတီးရှိတဲ့ လူကိုပဲ ရာထူးတိုးဖို့အတွက် အရေးပါတဲ့ သင်တန်းတွေကို တက်ခိုင်းတာလား ဆိုတာကိုတော့ သံသယဖြစ်မိပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ နေပြည်တော်မှာပြုလုပ်တဲ့ နိုင်ငံတကာအဆင့် ပွဲတွေမှာဆိုရင် ၀န်ထမ်းတော်တော်များများက အင်္ဂလိပ်စကားကို လိပ်ပတ်လည်အောင် ပြောတတ်တဲ့သူ ရှားပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ရဲ့ အားနည်းချက် ဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်အခြေအနေမှာ ကြုံတွေ့လာရတဲ့ အခက်အခဲတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ကျွန်တော်တို့တွေ သိဖို့လိုပါတယ်။ မြန်မာနိုင်ငံဟာ ယခင်က အာဏာရှင်စနစ် ကျင့်သုံးတာကြောင့် ကမ္ဘာ့ရွာအပြင် ထုတ်ခံထားရတဲ့ အခြေအနေကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးလာတဲ့အတွက် ယခင်ကလို အနေအထား မဟုတ်တော့ဘဲ အခုတော့ ရွာထဲကို ပြန်လည်ဝင်ရောက်လာပြီလို့ ပြောလို့ရပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံအသိုင်းအ၀ိုင်းလောက်သာ ဆက်ဆံတဲ့ အနေအထား မဟုတ်တော့ဘူး ဆိုတာကိုလည်း သတိချပ်သင့်ပါတယ်။
အပြည်ပြည်ဆိုင်ရာမှ ရင်းနှီးမြှုပ်နှံသူတွေ၊ သံရုံးတွေ၊ သတင်းဌာနတွေ ယခင်ကထက် ပိုမိုပြီး ၀င်ရောက်လာတာကို တွေ့မြင်ရပါတယ်။ နိုင်ငံတကာက တိုးရစ်တွေကိုလည်း နေရာအနှံ့မှာ တွေ့နေရပါပြီ။ ပြင်ပမှာလည်း နိုင်ငံခြားသား တိုးရစ်တွေက မြို့ထဲလျှောက်သွားရင်း လမ်းညွှန်စာအုပ်လေးတ ကိုင်ကိုင်နဲ့ အင်္ဂလိပ်လို လမ်းမေးတာကို တော်တော်များများက သိပေမယ့်လည်း ပြန်ပြီးတော့ လမ်းမညွှန်နိုင်တာကို တွေ့ရပါတယ်။ စိတ်ပျက်လို့ ခေါင်းတခါခါနဲ့ ဟိုဒီလျှောက်သွားနေတဲ့ နိုင်ငံခြားသားတွေကို မြို့ထဲမှာ တွေ့နေရဆဲ ဖြစ်ပါတယ်။
အဲဒါကြောင့် နိုင်ငံခြားသားတွေနဲ့ ပြောဆိုတဲ့အခါ ကမ္ဘာသုံးစကားဖြစ်တဲ့ အင်္ဂလိပ်စကားကို ပြည်သူအများ အသင့်အတင့်လောက်တော့ ပြောတတ်ဖို့ လိုနေပါပြီ။ အင်္ဂလိပ်စကားပြော သင်တန်းတွေ အမြောက်အမြား ဖွင့်လာကြတာကိုလည်း တွေ့မြင်ရတော့ အားတက်ဖွယ် အခြေအနေ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ဆက်ဆံရတဲ့ အစိုးရဌာနက ၀န်ထမ်းတွေက ပိုပြီးပြောတတ်သင့်ပါတယ်။
ကျွန်တော်တို့ဟာ နွေးထွေးတဲ့ လူ့အသိုင်းအ၀ိုင်းရွာထဲကို ပြန်လည်ဝင်ရောက်လာတဲ့အခါ ပတ်ဝန်းကျင် အိမ်နီးချင်းကလူတွေက စိတ်ဝင်တစား လာရောက်မိတ်ဆက်ကြပါလိမ့်မယ်။ ကျွန်တော်တို့ အကြောင်းကိုလည်း သိချင်ကြပါလိမ့်မယ်။ သူတို့ သိချင်တဲ့အခါလည်း ပြန်ပြောနိုင်ရပါလိမ့်မယ်။ ယခင်ကလို မျက်နှာထားတင်းတင်းနဲ့ ဂရုမစိုက်ဘူးဆိုပြီး နေလို့မရတော့ပါဘူး။ နွေးနွေးထွေးထွေးနဲ့ သူတို့ကို ပြန်ဆက်ဆံဖို့ လိုနေပါပြီ။ သူတို့နဲ့ ပြောဆိုဆက်ဆံနိုင်ဖို့အတွက် ကမ္ဘာ့ရွာသုံး စကားကိုလည်း ကျွန်တော်တို့တွေ မဖြစ်မနေတတ်ဖို့ လိုနေပြီလို့ ပြောလိုက်ပါရစေ။
ရွှေတိဂုံစေတီတော်သို့ လာရောက်လေ့လာနေသော ကမ္ဘာလှည့် ခရီးသွားများအား ဧည့်လမ်းညွှန်တစ်ဦးက ရှင်းပြနေစဉ်
Aye Chan Mon Credit To:
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment