0

ACM Re-Post 26-5-2014

သဘာဝအားဖြင့်ကိုက ငှက်ဖျားပိုး ဒဏ်ခံနိုင်ရည်ရှိသော ကိုယ်ခံအားစနစ် ပိုင်ဆိုင်ထားသည့် တန်ဇေးနီးယားနိုင်ငံမှ ကလေးငယ်များ၏ အကူအညီဖြင့် ဆေးသိပ္ပံပညာရှင်များသည် ငှက်ဖျားတိုက်ဖျက်ရေးဆေးသစ် ထွက်ပေါ်လာအောင် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ငှက်ဖျားဖြစ်စေသော ပိုးများကို တိုက်ဖျက်ချေမှုန်းမည့် ကိုယ်ခံအားဓာတ်များကို အထက်ပါကလေးများ၏ ခန္ဓာကိုယ် ခုခံအားစနစ်က ထုတ်ပေးနိုင်သည်ကို သုတေသနပြု တွေ့ရှိထားသည်။ ထိုကလေးများ၏ ငှက်ဖျားပိုး တိုက်ဖျက်နိုင်သော ခုခံအားစနစ်နှင့်ပုံစံတူသော ဓာတ်ပစ္စည်းများကို ဓာတ်ခွဲခန်းတွင် ဖော်စပ်ပြီးနောက် ကြွက်များကို ထိုးပေးခဲ့ရာ ကြွက်များ၏ ခုခံအားစနစ်သည်လည်း ငှက်ဖျားပိုးကိုချေမှုန်း နိုင်စွမ်းရှိ လာကြောင်း လေ့လာ တွေ့ရှိထားပြီ ဖြစ်သည်။ အခြား တိရိစ္ဆာန်များနှင့် လူများတွင် အလားတူ အကျိုးသက်ရောက်မှု ရှိ မရှိကို ဆက်လက် သုတေသနပြုမည်ဖြစ်ကြောင်း သိရသည်။ လေ့လာတွေ့ရှိချက်ကို Science ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။
အခု သုတေသနဟာ ငှက်ဖျားတိုက်ဖျက်ရေးမှာ အဓိကကျတဲ့ လေ့လာတွေ့ရှိမှုကြီး ဖြစ်လာနိုင်ပါတယ်။ တစ်ကယ် အသုံးဝင်တဲ့ ငှက်ဖျားဆေး လည်း ပေါ်ထွက်လာနိုင်ပါတယ် ဟုအမေရိကန်နိုင်ငံ ဘရောင်းဆေးတက္ကသိုလ်ရှိ နိုင်ငံတကာ ကျန်းမာရေးသုတေသနစင်တာ ညွှန်ကြားရေးမှူး ဖြစ်သော ပါမောက္ခ ဂျိတ်ခ်ကာတစ်က ပြောသည်။
ငှက်ဖျားပိုးဟာ လူသားတွေဆင့်ကဲ ဖြစ်ထွန်းလာမှုနဲ့အတူ လိုက်ပါလာတဲ့ ပိုးတစ်မျိုးပါ။ နှစ်သန်းပေါင်းများစွာကြာအောင် လူသားတွေရဲ့ ခုခံအားစနစ်နဲ့ အပြန်အလှန် တိုက်ခိုက်လာခဲ့တဲ့ ပိုးဖြစ်တာကြောင့် ခုခံအားစနစ်ကို ဘယ်လိုလှည့်စားရမယ်ဆိုတာ ကောင်းကောင်းသိတဲ့ ပိုးလည်းဖြစ်တဲ့ အတွက် ခက်ခက်ခဲခဲ တိုက်ဖျက်ရမယ့် ပိုးတစ်မျိုးပါ ဟု ပါမောက္ခကာတစ်က ဆက်ပြောသည်။
လေ့လာမှုကို အာဖရိကတိုက် တန်ဇေးနီးယားနိုင်ငံရှိ ငှက်ဖျားပြင်းထန်ရာဒေသမှ ကလေးငယ် (၁၀၀၀) ဖြင့် စတင်ခဲ့သည်။ ထိုကလေးများ၏ သွေးနမူနာများကို ကာလအပိုင်းအခြားအလိုက် ပုံမှန်ရယူသည်။ ထိုအခါ (၆) ရာခိုင်နှုန်းသော ကလေးများ၏ ကိုယ်ခံအားစနစ်သည်ငှက်ဖျားပိုးကို ချေမှုန်း နိုင်သည့် ခုခံအားမျိုးရှိနေကြောင်း တွေ့ခဲ့ရသည်။ ထိုကလေးများ၏ ခုခံအားစနစ်သည် သွေးနီဥများ အတွင်းရှိ ငှက်ဖျားပိုးများကို ၀ိုင်းရံပိတ်ဆို့ ထားကြသည်ကို တွေ့ရသည်။ ထိုအခါ ငှက်ဖျားပိုးသည် ပေါက်ပွားများပြားကာ အခြားသွေးဆဲလ်များသို့ ကူးစက်ပျံ့နှံ့နိုင်စွမ်း မရှိဘဲဖြစ်သွားသည်။
ထိုခုခံအားစနစ်နှင့် ပုံစံတူသော ခုခံအားစနစ် ဓာတ်ပစ္စည်းမျိုးကို ဓာတ်ခွဲခန်း၌ ပုံစံတူထုတ်လုပ်လိုက်သည်။ ထို့နောက် ကြွက်များကို ထိုးပေး သည်။ ထိုးထားသော ကြွက်များသည် မထိုးထားသော ကြွက်များနှင့်ယှဉ်ပါ က ငှက်ဖျားပိုးကူးစက်သည့် တိုင် အသက်ရှည်နှုန်း နှစ်ဆပိုများသလို၊ သွေးတွင်းငှက်ဖျားပိုး ပါဝင်နှုန်းကားလေးဆထိ ကျဆင်းနည်းပါး သွားသည်ကို တွေ့ခဲ့ရသည်။
အသုံးဝင်တဲ့ ငှက်ဖျားဆေးသစ်တစ်မျိုး ထွက်လာနိုင်ခြေ ရှိနေပါပြီ။ ဆက်လေ့လာသွားဖို့တော့ လိုပါမယ်။ မျောက်တွေနဲ့ ထပ်စမ်းသပ်ရမယ်။ ပြီးရင် လူသားတွေနဲ့ စမ်းသပ်နိုင်ဖို့လည်း ကြိုးပမ်းရပါဦးမယ် ဟု ပါမောက္ခကာတစ်ကပြောသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး၏ စာရင်းအရ ၂၀၁၂ ခုနှစ် တွင် ကမ္ဘာတစ်ဝန်း ငှက်ဖျားကြောင့် လူခြောက်သိန်းကျော်သေဆုံးခဲ့ပြီး ၎င်းတို့ အနက် (၉၀) ရာခိုင်နှုန်းမှာ အာဖရိကတိုက်မှ ဖြစ်ကြောင်း သိရသည်။

Aye Chan Mon Credit To:Messenger News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top