0

ACM Re-Post 25-5-2014

ယူကရိန်း သမ္မတ ရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်နေပြီး ရွေးကောက်ပွဲ ရလဒ်ကို လေးစား တန်ဖိုးထားမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ရုရှားသမ္မတ ပူတင်က ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုမည်ဟု ယခင်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်း မရှိသော်လည်း လက်ရှိတွင် ရွေးကောက်ပွဲ အနိုင်ရရှိသူ မှန်သမျှနှင့် လက်တွဲ လုပ်ဆောင်သွားမည်ဟု ထုတ်ဖော် ပြောကြားလိုက်သည်။
“ယူကရိန်း ပြည်သူတွေက သူတို့နိုင်ငံကို အကျပ်အတည်းက လွတ်မြောက် စေချင်နေတာကို ကျွန်တော်တို့ နားလည်ပါတယ်။ သူတို့ရဲ့ ရွေးချယ်မှုကို ကျွန်တော်တို့ လေးစားတန်ဖိုး ထားမှာပါ” ဟု ရုရှားသမ္မတ ပူတင်က စိန့်ပီတာစဘတ်မြို့တွင် ပြောကြားလိုက်သည်။

လက်ရှိတွင် ယူကရိန်း အစိုးရအဖွဲ့ကို ထိန်းချုပ်ထားသူများနှင့် ဆက်သွယ် လုပ်ကိုင်လျက် ရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပပြီးသည့်အခါ ရွေးကောက်ခံ အာဏာပိုင်သစ်များနှင့် ဆက်ဆံသွားမည်ဟု သမ္မတပူတင်က ပြောကြားလိုက်သည်။

ရွေးကောက်ပွဲ ကျင်းပသည့် နေ့ရက်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နိုင်ရန် ယူကရိန်း အာဏာပိုင်များက ထောင်ပေါင်းများစွာသော ရဲတပ်ဖွဲ့များနှင့် လူမှုဝန်ထမ်းများကို စုစည်းထားသော်လည်း ရုရှား လိုလားသော ခွဲထွက်ရေး ဝါဒီများက ရွေးကောက်ပွဲကို နှောင့်ယှက်သွားမည်ဟု ကတိပြုထားသည်။

တနင်္ဂနွေနေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ယူကရိန်း လွတ်လပ်ရေး စတင်ရရှိပြီးသည့် ၁၉၉၁ ခုနစ်နောက်ပိုင်း အရေးပါဆုံး ရွေးကောက်ပွဲ ဖြစ်မည် ဖြစ်ပြီး နိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပွားနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည်။

ယူကရိန်း ချော့ကလက် သူဌေးကြီး ပီထရိုပိုရိုရှန်ကိုက လူထုထောက်ခံမှု အများစု ရရှိထားပြီး ယင်းနောက်တွင် ဝန်ကြီးချုပ်ဟောင်း တိုင်မိုရှင်ကိုက နောက်က လိုက်နေသော်လည်း ဇွန်လ ဒုတိယအကျော့ ရွေးကောက်ပွဲ ကာလအထိ ဦးတည် သွားနိုင်သည်ဟု အများက သုံးသပ်ထားသည်။

ရွေးကောက်ပွဲ မတိုင်ခင်ကာလ တင်းမာမှုများ လျော့ကျနိုင်ရန်အတွက် ရုရှားသမ္မတ ပူတင်က နယ်စပ်ဒေသရှိ ရုရှားတပ်ဖွဲ့ဝင် ၄၀,၀၀၀ ကျော်ကို ပြန်လည် ရုပ်သိမ်းသွားရန် အမိန့်ပေးလိုက်သည်။

ယူကရိန်း အစိုးရအဖွဲ့က အနောက်နှင့် ပူးပေါင်းရေး လမ်းကြောင်းကို စွန့်ခွာပြီး ရုရှားနှင့် ပူးပေါင်းရေး လမ်းကြောင်းကို ရွေးချယ်လိုက်ပြီးနောက် အစိုးရဆန့်ကျင်ရေး နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ကြားဖြတ်အစိုးရသစ် တစ်ရပ်ဖြင့် အုပ်ချုပ်ထားသည်။

ထို့အပြင် နိုင်ငံအရှေ့ပိုင်း ဒေသများကိုလည်း ရုရှားလိုလားသော ခွဲထွက်ရေး ဝါဒီများက သိမ်းပိုက်ထားပြီး နိုင်ငံတွင်း ပြည်တွင်းစစ် ဖြစ်ပွားနိုင်သည်ဟု ရုရှားခေါင်းဆောင်များက သတိပေးထားသည်။

ယူကရိန် ရွေးကောက်ပွဲကို လေးစား တန်ဖိုးထားမည်ဟု ရုရှားသမ္မတက ပြောကြားလိုက်ခြင်းကို ယူကရိန်းနှင့် အမေရိကန် ပြည်ထောင်စုက သတိဖြင့် လက်ခံကြိုဆိုလိုက်ပြီး စကားလုံးများ နောက်တွင် လက်တွေ့ လုပ်ဆောင်မှုများဖြင့် သက်သေပြရန် လိုအပ်သည်ဟု မှတ်ချက်ပြုသည်။

ရွေးကောက်ပွဲကို ရုရှားနိုင်ငံက နှောင့်ယှက်ပါက အရေးယူ ပိတ်ဆို့မှုသစ်များ ထပ်မံလုပ်ဆောင်မည်ဟု အမေရိကန်နှင့် အနောက်တိုင်း မဟာမိတ်များက ရုရှားနိုင်ငံကို သတိပေးထားသည်။

ACM Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top