0

Published on: May 23, 2014
Written by: သက်ဆွေ (ပုသိမ်)

လတ်တလော ဖြစ်ပေါ်နေသည့် မုန်တိုင်းနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း နာဂစ်မုန်တိုင်းနှင့် ကြုံတွေ့ခဲ့ရသည့် ဒေသများမှလွဲ၍ ကျန် ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှု အားနည်းနေသေးကြောင်း စုံစမ်းသိရသည်။

“ကျွန်တော်တို့ ရှယ်လ်တာတွေကို ကြိုတင်ပြင်ဆင်ပြီးပါပြီ။ ရေဒီယိုသတင်း မပြတ်နားထောင်နေတယ်။ လိုအပ်ရင် ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့ စီစဉ်ထားပါတယ်။ ဒေသခံတွေကိုလည်း ပင်လယ်ပြင် ငါးဖမ်းမထွက်ဖို့နဲ့ ရေဒီယိုမပြတ် နားထောင်ဘို့ ပစ္စည်းတွေကိုလည်း စနစ်တကျ စုစည်းထားဖို့ ကြေညာထားပါတယ်။ ပြောင်းရွှေ့တာတို့ နေရာချတာတို့တော့ မလုပ်သေးပါဘူး”ဟု နာဂစ်ဒဏ်ခံခဲ့ရသည့် ငပုတောမြို့နယ် သင်္ကန်းကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်က ပြောပြသည်။

“မုန်တိုင်းရှိတယ်လို့တော့ သိုးသိုးသန့်သန့် ပြောတာကြားတယ်။ အုပ်ချုပ်ရေးပိုင်းကတော့ ထဲထဲဝင်ဝင်ကြေညာတာတွေ မရှိဘူး၊ ဘာမှကြိုတင်ပြင်ဆင်မှုတွေ လုပ်တာလည်း မရှိပါဘူး။ ဒီဘက်ကို မလာဘူးလို့လည်း ပြောနေကြတာပဲ”ဟု နာဂစ်ဒဏ် မခံခဲ့ရသည့် ရွာဖြစ်သည့် ငပုတောမြို့နယ် ဆင်မကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်မန်းက ဆိုကြားသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှူးမှ ဒီနေ့ တိုင်းထွာချက်တွေအရတော့ မုန်တိုင်းကဧရာဝတီကို မဝင်တော့ပါဘူး။ ကျွန်တော်တို့ကတော့ အဆက်မပြတ် စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်နေသလို ပြည်သူတွေကလည်း ရေဒီယိုသတင်းကိုတော့ မပြတ်နားထောင်ဖို့ လိုပါတယ်။ လက်ရှိအခြေအနေမှာတော့ မုန်တိုင်းက တိမ်နှစ်ခု ကွဲနေတယ်။ လေတိုက်နှုန်းက တစ်နာရီ မိုင် ၅ဝ နှုန်းလောက် ရှိတယ်။ ပုသိမ်နဲ့ မိုင် ၁၅ဝ ကျော်မှာ ရှိနေတယ်။ ၂၄ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းဘက်ကို ဦးတည်နိုင်တယ်။ လက်ရှိမှာတော့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပါတယ်”ဟု တိုင်းဦးစီးမှူး ဦးအောင်မြင့်ကြည် က ပြောကြားသည်။

ရာသီဥတုအခြေအနေအရ ပုသိမ်မြို့ အပါအဝင် ကမ်းရိုးတန်းဒေသများ၌ မိုးအနည်းငယ် ရွာသွန်းလျက်ရှိပြီး၊ တိမ်ထူထပ်ကာ၊ လေအနည်းငယ်တိုက်သည်မှ လွဲ၍ ထူးခြားသောအခြေအနေမရှိဟု သိရသည်။

“ဟိုင်းကြီးမှာက ရေတပ်စခန်းရှိတယ်လေ။ သူတို့ကပဲ မိုးလေဝသအခြေအနေနဲ့ ပတ်သက်ပြီးထုတ်ပြန်ပေးနေတာ။ မုန်တိုင်းရှိတယ်ဆိုတာတော့ သိပါတယ်။ တပ်အနေနဲ့ ဘာမှမကြေညာသေးတော့ ဘာမှမလုပ်သေးပါဘူး။ ပုံမှန် လုပ်ရိုးလုပ်စဉ်တွေ အတိုင်းပါပဲ”ဟု ဟိုင်းကြီးမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးသန့်ဇင်ထွဋ်က ပြောပြကြောင်း စုံစမ်းသိရှိရသည်။

ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top