0

ACM Re-Post 29-5-2014
Written by - မောင်ကြည်

ထိုင်းမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တာကို အားလုံးသိကြပြီး ဖြစ်ပါလိမ့်မယ်။ အရပ်ထဲမှာ တချို့က “ထိုင်းက အာဏာသိမ်းတာ ခဏလေးပါ။ သိပ်မကြာပါဘူး။ ငါတို့ကသာ တစ်ခါပဲသိမ်းပြီး နှစ် ၅ဝ လောက်ကြာတာ” လို့ ပြောနေတာကို ကြားလိုက်ရပါတယ်။
တချို့ကလည်း “ထိုင်းမှာ အာဏာသိမ်းတာဖြစ်လို့လည်း ငါတို့နဲ့မဆိုင်ဘူး” လို့လည်း ပြောကြပါသေးတယ်။ ထိုင်းဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းပါ။ ကိုယ့်ဘေးအိမ် ဘာဖြစ်လဲဆိုတာ ကိုယ်လည်းသိသင့်တယ်လို့ ထင်ပါတယ်။ တချို့ကလည်း ထိုင်းကထိုင်း၊ မြန်မာကမြန်မာလို့ ပြောကြပါသေးတယ်။ တချို့ကတော့ ထိုင်းအာဏာသိမ်းတာ မြန်မာပြည်သူတွေအတွက် နစ်နာတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ နှစ်လုံး၊ သုံးလုံး မထိုးရတော့လို့တဲ့။ အဲဒီလို ညည်းညူတဲ့သူတွေလည်း ရှိပါသေးတယ်။

မည်သို့ဆိုဆို မည်သို့ပြောပြော ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်လာပြီမို့လို့ ရွာဦးပိုင်းမှ သချိုင်းကုန်းအထိ ဖြစ်ကြောင်းကုန်စင်ကို ကျွန်တော်တို့ရွာသားတွေ သိထားသင့်ပါတယ်။ ဂလိုဘယ်ခေတ်ကြီးမှာ လိုကယ်လောက်နဲ့ မလုံလောက်တော့ပါဘူး။ သူ့ကြောင့် ကိုယ်တစ်ခု ခုဖြစ်နိုင်သလို ကိုယ့်ကြောင့်လည်း သူတစ်ခုခု ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့သူဟာ ဆက်စပ်မှုရှိနေလို့ပါပဲ။ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမကြီးပေါင်ကျိုးတာ ဘာဆိုင်လို့လဲလို့ ပြောလို့မရတော့ပါဘူး။ ညောင်ဦးကမ်းပါးပြိုလို့ နွားမကြီးပေါင်ကျိုးနိုင်သလို နွားမကြီးပေါင်ကျိုးလို့လည်း ညောင်ဦးကမ်းပါး ပြိုသွားနိုင်တဲ့ခေတ်ကို ရောက်နေပါပြီ။ လေးဖြူ ဆိုထားတဲ့သီချင်းထဲကလို “ကမ္ဘာကြီးတစ်ဖက်ခြမ်းက လိပ်ပြာလေး အတောင်တစ်ချက်ခတ်ခြင်းက ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်ခြမ်းမှာ လေပွေမုန်တိုင်းတွေ ဖြစ်သွားနိုင်တယ်” မဟုတ်ပါလား။

“နိုင်ငံရေး” ဆိုတာ ဘယ်နိုင်ငံမှာဖြစ်တဲ့ နိုင်ငံရေးပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးနဲ့ ဆိုင်ပါတယ်။ ထိုင်းမှာပဲဖြစ်ဖြစ်၊ အင်္ဂလန်မှာပဲဖြစ်ဖြစ်၊ အာဖရိကမှာပဲ ဖြစ်ဖြစ်၊ အဲဒီနိုင်ငံမှာဖြစ်တဲ့ “အရေးအခင်း” ဟာ အနည်းနဲ့အများ တစ်ကမ္ဘာလုံးကို ရိုက်ခတ်မှု၊ သက်ရောက်မှု ရှိပါတယ်။ ကမ္ဘာကြီးရဲ့ မထင်မရှား ထောင့်လေးတစ်ထောင့်မှာဖြစ်ပေါ်တဲ့ “မှုခင်းတစ်ခု” ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူအားလုံးနဲ့ သက်ဆိုင်ပါတယ်။ အဲဒီလူအားလုံးအပေါ် ရိုက်ခတ်မှု၊ သက်ရောက်မှု ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာတစ်ခုတည်းမှာ အတူတူနေထိုင်ကြသူတွေ ဖြစ်နေလို့ပါပဲ။ ဒီယနေ့လို အင်တာနက်ခေတ်ကြီးမှာ အာဖရိကတောနက်ထဲက လူရိုင်းလေးတစ်ယောက်ကို မြန်မာနိုင်ငံက လူတစ်ယောက်က Facebook မှတစ်ဆင့် မိတ်ဆွေဖွဲ့လို့ ရနေတဲ့ခေတ်ပါ။ သတင်း နဲ့ နည်းပညာခေတ်ကြီးထဲမှာ ခြံစည်းရိုးတွေ မရှိတော့ပါဘူး။ ဒါကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး ဘယ်လိုကိစ္စမျိုးမဆို အတားအဆီးမရှိ ဖြတ်ကျော်ဝင်ရောက် ပျံ့နှံ့လာတဲ့ခေတ်ကို ရောက်နေပါပြီ။

ကိုယ့်နိုင်ငံမှာဖြစ်တာမဟုတ်လို့ ကိုယ်နဲ့မပတ်သက်ဘူး၊ အနေသာကြီးပါလို့ ပြောတတ်သူအချို့ကို ပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ်။ အဲဒီပုံပြင်လေးကို အသုဘတစ်ခုမှာဝေတဲ့ လက်ကမ်းစာစောင်လေးတစ်ခုမှာ ဖတ်လိုက်ရတာပါ။ တစ်ဆင့်ပြန်လည် ဖောက်သည်ချပါရစေ။ တစ်ခါတုန်းက ကြွက်ကလေးတစ်ကောင်ကို ဖမ်းဖို့အတွက် လယ်သမားတစ်ယောက်ဟာ ကြွက်ထောင်ချောက်လေးတစ်ခု ဝယ်လာခဲ့ပါတယ်။ ဒါကိုမြင်သွားတဲ့ ကြွက်ကလေးဟာ အရမ်းပဲ တုန်လှုပ်ချောက်ချားသွားပါတယ်။
“ငါတော့ဒုက္ခပဲ။ ငါ့ကို ထောင်ချောက်ဆင်ပြီး ဖမ်းတော့မှာပဲ” ဆိုပြီး သူဟာ အိမ်အပြင်ကိုထွက်ကာ တွေ့သမျှ မိတ်ဆွေတွေကို လိုက်ပြောပါတော့တယ်။

သူ ပထမဆုံး ရင်ဖွင့်ပြောပြလိုက်တဲ့သူက ကြက်ဖကြီးတစ်ကောင်ပါ။ ကြက်ဖကြီးက “ကြွက်ကလေး မင်းအတွက်တော့ ဒုက္ခပဲ။ ဒါပေမဲ့ ငါကတော့ အနေသာကြီးပဲကွ” လို့ ပြန်ပြောပါတယ်။ ဒါနဲ့ ကြွက်ကလေးဟာ ဝက်ဆီကို ရောက်သွားပါတယ်။ ဝက်က ကရုဏာသက်တဲ့ မျက်နှာနဲ့ကြည့်ပြီး “ငါ စိတ်မကောင်းပါဘူးကွာ။ ငါ့အနေနဲ့ မင်းကို ဆုတောင်းပေးရုံကလွဲလို့ ဘာမှလုပ်မပေးနိုင်ဘူး။ မင်းအတွက် အမြဲဆုတောင်းပေးနေပါ့မယ်” လို့ ပြောပါတယ်။ အဲဒီလိုနဲ့ ကြွက်လည်း စိတ်ပျက်ပျက်နဲ့ နွားဆီကိုသွားပြီး ရင်ဖွင့်ပြန်ပါတယ်။ နွားကလည်း “ဝမ်းနည်းပါတယ် ကြွက်ကလေးရယ်။ ဒါပေမဲ့ ဒီထောင်ချောက်နဲ့ ငါ့ကိုဖမ်းလို့ရမှာတော့ မဟုတ်ဘူးကွ” လို့ ပြန်ပြောပါတယ်။

ကြွက်ကလေးလည်း စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ကျပြီး အိမ်ထဲကို ပြန်ဝင်လာခဲ့တယ်။ အဲဒီလိုနဲ့ တစ်ညမှာ အိမ်ထဲကနေ “ဖြောင်း” ဆိုတဲ့ ကြွက်ထောင်ချောက်မှာမိတဲ့ အသံကို ကြားလိုက်ရပါတယ်။ တစ်ကောင်ကောင်ကို ညှပ်မိသွားတာတော့ သေချာပါတယ်။ လယ်သမားရဲ့ဇနီးဟာ ကြွက်မိပြီဆိုပြီး ထောင်ချောက်ဆီကို အတင်းပြေးသွားတယ်။ အမှောင်ထဲမှာဆိုတော့ ကြွက်ထောင်ချောက်မှာ အမြီးညပ်နေတဲ့ မြွေကို မမြင်လိုက်ဘူး။ ဒေါသထွက်နေတဲ့မြွေဟာ လယ်သမားရဲ့ ဇနီးကို ပေါက်လိုက်ပါတယ်။ လယ်သမားလည်း သူ့ဇနီးကို ဆေးရုံအမြန် ပို့လိုက်ရပါတယ်။ နောက်တော့ ဆေးရုံကနေ အိမ်ကိုပြန်သယ်လာတဲ့ သူ့ဇနီးဟာ မြွေဆိပ်ကြောင့် အဖျားတက်နေတုန်းပါပဲ။ အဲဒီတော့ လူမမာအားရှိအောင် ခြံထဲကကြက်ဖကို သတ်ပြီး စွပ်ပြုတ်လုပ် တိုက်ရပါတော့တယ်။ ဒါပေမဲ့ လယ်သမားရဲ့ ဇနီးဟာ ကိုယ်အပူမကျဘဲ တက်နေတုန်းပါပဲ။ အိမ်နီးချင်းတွေက တစ်နေကုန် လူနာလာမေးကြပါတယ်။ လူနာလာမေးတဲ့ ဧည့်သည်တွေကို ကျွေးဖို့ ခြံထဲက ဝက်ကိုပဲ သတ်ရတော့တာပေါ့။ လူမမာလည်း အဖျားမကျဘဲ ကွယ်လွန်သွားရှာပါတယ်။ အဲဒီလိုနဲ့ နောက်ဆုံးမှာ နာရေးလာတဲ့ ဧည့်သည်တွေအတွက် ခြံထဲကနွားကိုပဲသတ်ပြီး ကျွေးမွေးဖို့ ပြင်ဆင်ရပါတော့တယ်။ အဲဒီဖြစ်စဉ်တွေအားလုံးကို အိမ်ထဲက အက်ကွဲနေတဲ့နံရံကြားထဲကနေ ကြွက်ကလေးဟာ စိတ်မကောင်းခြင်းများစွာနဲ့ ကြည့်နေရှာပါတယ်။

ဘာပဲဖြစ်ဖြစ် “ငါနဲ့ မဆိုင်ဘူး” လို့ ပြောတတ်ကြတဲ့ လူအချို့အတွက် အဲဒီပုံပြင်လေးက အမြဲတမ်း အမှတ်တရဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်။

Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top