0

(ဆောင်းပါးရှင် - တင်နိုင်တိုး)

ကဆုန်ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ် ကဆုန်လပြည့်နေ့၌ မြန်မာပြည်တစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိကြသည်။ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ခေတ်အဆက်ဆက် ကျင်းပခဲ့ကြရာ၌ ရှေးမြန်မာမင်းများ လက်ထက်က မင်း၊ မိဖုရားများကိုယ်တိုင် ဦးဆောင်ကျင်းပ ခဲ့ကြသကဲ့သို့ ပါလီမန်ခေတ်ကလည်း အခါအားလျော်စွာ နိုင်ငံတော်သမ္မတကိုယ်တိုင် တက်ရောက်လေ့ရှိခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

ကဆုန်လပြည့်ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်တော်မူခြင်း၊ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်းနှင့် ပရိနိဗ္ဗာန် စံလွန်တော်မူခြင်းတည်းဟူသော အရေးကြီးသည့် အဖြစ်အပျက်သုံးရပ် ရှိခဲ့ရာ ကမ္ဘာ့နိုင်ငံ အချို့တွင်ပါ ဗုဒ္ဓဘာသာဝင်များက ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ထားကြပါသည်။ (ယင်းဗုဒ္ဓနေ့မှာ တစ်ခါတစ်ရံ မြန်မာပြက္ခဒိန်နှင့် တစ်ရက်ကွာခြားလေ့ ရှိပုံကိုလည်း သတိပြုမိပါသည်)

မြန်မာနှင့် ညောင်ရေသွန်းပွဲတော်

ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် ရေစင်တော် သွန်းလောင်းကြသည့် ဓလေ့က မြန်မာပြည်တွင် ရှေးမြန်မာမင်းများ လက်ထက်ကပင် ရှိခဲ့ကြောင်း ဆိုပါသည်။ ရှေးစာဆိုတော် ပညာရှိများက ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော် အကြောင်းကို ပျို့ကဗျာများတွင် ထည့်သွင်းရေးဖွဲ့ခဲ့ကြသည်။ ကုန်းဘောင်ခေတ်ဦးကာလ လက်ဝဲသုန္ဒရ အမတ်ကြီး၏ မဲဇာတောင်ခြေရတုတွင် “ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်” ဟု ပါရှိရာ မင်းနေပြည်တော်တစ်ဝိုက်ရှိ ဘုရားစေတီများတွင် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကျင်းပမြဲဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

ထုံးတမ်းဓလေ့

မြန်မာပြည် အရပ်ရပ်တွင် ကဆုန်လပြည့်နေ့၌ ညောင်ရေသွန်းပွဲတော် ကျင်းပကြပုံမှာ အများအားဖြင့် တူညီကြပါသည်။ မိမိတို့နီးစပ်ရာ အမျိုးသမီး၊ အမျိုးသားများ စုရုံးကြလျက် ဘုန်းတော်ကြီးကျောင်းနှင့် စေတီပုထိုးများရှိ နီးစပ်ရာ ဗောဓိညောင်ပင်များတွင် ရေစင်သွန်းလောင်းလေ့ ရှိကြသည်။ အိုးစည်ဗုံပေါင်းတီးလျက် ပျော်ရွှင်စွာ သွားရောက်ကြပုံက မြန်မာ့ထုံးတမ်းဓလေ့ အစဉ်အလာတစ်ရပ်ပင် ဖြစ်ပါသည်။

ရွှေတိဂုံစေတီတော်

ရန်ကုန်မြို့တော်တွင် ဗုဒ္ဓဘာသာဝင်အများ အလေးအမြတ်ထားကြရာ ရွှေတိဂုံစေတီတော် ရင်ပြင်ထက်တွင် ဗောဓိညောင်ပင်တည်ရှိရာ ရန်ကုန်မြို့တွင် နေထိုင်ကြသူများက ကဆုန်လပြည့်နေ့၌ သွားရောက် ရေစင်သွန်းလောင်းလေ့ ရှိကြပါသည်။ အလားတူ ဆင်ခြေဖုံးရပ်ကွက်များ၊ အနီးဝန်းကျင် ကျေးရွာများတွင် နေထိုင်ကြသူများကလည်း နီးစပ်ရာ ဘုရားစေတီများသို့ သွားရောက်လျက် ညောင်ရေသွန်းလောင်းကြသည်။ ရွှေတိဂုံစေတီ ကုန်းတော်ထက်တွင် နံနက်နေထွက်မှ ညနေနေ၀င်ချိန်အထိ စည်ကားနေလေ့ ရှိပါသည်။

ဘာသာရေး အဖွဲ့အစည်းများ

လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ပါလီမန်ခေတ်တွင် ညောင်ရေသွန်းပွဲတော် ကျင်းပရာ၌ ဘာသာရေး အသင်းအဖွဲ့များက ဦးဆောင်ကျင်းပလေ့ ရှိခဲ့ကြသည်။ ထင်ရှားသော အသင်းအဖွဲ့ အမည်များမှာ ဖက်ဖူးရောင်အသင်း၊ စိမ်းရောင်စိုအသင်း၊ ကြည်ပြာရောင်အသင်း စသည်တို့ ဖြစ်ကြသည်။ ယင်းအသင်းအဖွဲ့များသည် နံနက် အရုဏ်တက် အချိန်ကပင် ရွှေတိဂုံစေတီ ကုန်းတော်ထက်သို့ ရောက်ရှိနေကြပြီ ဖြစ်ပါသည်။

ဗောဓိညောင်ပင်

ရွှေတိဂုံစေတီတော် အရှေ့တောင်ထောင့်တွင် ဗောဓိညောင်ပင်ကြီး တည်ရှိပါသည်။ ယင်းဗေဓိညောင်ပင်ကို ဂေါတမဗုဒ္ဓကိုယ်စား ပရိဘောဂ စေတီတော်အဖြစ် ပူဇော်ကြသည်။ ၎င်းဗောဓိပင်မှာ ၁၉၂၆ ခုနှစ်က မယ်ဒက်ဆရာတော်ကြီး ဗုဒ္ဓဂယာမှ မျိုးစေ့ဖြင့် စိုက်ပျိုးထားခဲ့ခြင်းဖြစ်သည် ဆိုပါသည်။ ရွှေတိဂုံစေတီတော် ရင်ပြင်ထက်တွင် ဗောဓိညောင်ပင် ငါးပင်ရှိသည့်အနက် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်ကို အများအားဖြင့် ဤဗောဓိညောင်ပင်၌ ကျင်းပလေ့ရှိကြကြောင်း သိရှိရပါသည်။

နိုင်ငံတော်သမ္မတ တက်ရောက်ခြင်း

ပါလီမန်ခေတ် ကဆုန်ညောင်ရေသွန်း ပွဲတော်များတွင် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပါဝင်ဆင်နွှဲလေ့ ရှိပုံကိုလည်း ခေတ်ဟောင်းသတင်းစာ မှတ်တမ်းများတွင် တွေ့ရှိရပါသည်။ မြန်မာသက္ကရာဇ် ၁၃၁၅ ခုနှစ် ကဆုန်လပြည့်နေ့ ( ၂၇ ဧပြီ ၁၉၅၃) တွင် ကျရောက်သော ကဆုန်ညောင်ရေသွန်းပွဲတော်သို့ ထိုခေတ်ကာလ နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦးကိုယ်တိုင် တက်ရောက်ဆင်နွှဲခဲ့ပုံကို လေ့လာတွေ့ရှိရပါသည်။

အခမ်းအနား တက်ရောက်ကြသူများ

ယင်းနေ့နံနက် ၈ နာရီအချိန်တွင် ကဆုန်ညောင်ရေသွန်းပွဲတော် အခမ်းအနား စတင်မည်ဖြစ်ရာ နံနက် ၆ နာရီ အချိန်ခန့်ကပင် ပရိသတ်များ၊ ဘုရားဖူးများ ရွှေတိဂုံစေတီတော် ရင်ပြင်ထက်သို့ တဖွဲဖွဲ ရောက်ရှိလာခဲ့ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး၊ ၀န်ကြီးချုပ်ဦးနုနှင့် ဇနီးဒေါ်မြရီ၊ တရားဝန်ကြီးချုပ် ဦးသိမ်းမောင်၊ သာသနာရေးဝန်ကြီး ဦးဝင်းတို့ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် ရန်ကုန်မြို့တော်သို့ ခေတ္တရောက်ရှိနေကြသော အမေရိကန်နိုင်ငံမှ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် မစ္စတာစတီဗင်ဆင်နှင့် အမေရိကန်သံအမတ်ကြီး မစ္စတာဆီးဘောလ်(ဒ်)တို့လည်း တက်ရောက်ခဲ့ကြသည်။

ရေစင်သွန်းလောင်းကြခြင်း

မကြာမီ နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦးနှင့်အဖွဲ့ ရွှေတိဂုံစေတီ ကုန်းတော်ထက်သို့ ရောက်ရှိလာကြကာ စေတီတော်ရင်ပြင်ထက်ရှိ ဗောဓိညောင်ပင်၌ ရေစင်သွန်းလောင်းကြသည်။ နိုင်ငံတော်သမ္မတကြီးက ညောင်ရေသွန်းလောင်းသကဲ့သို့ ၀န်ကြီးချုပ်ဦးနုနှင့် ဇနီးဒေါ်မြရီတို့ကလည်း ညောင်ရေသွန်းလောင်း ခဲ့ကြသည်။ ထို့နောက် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ် အခမ်းအနား ကျင်းပမည့်နေရာသို့ သွားရောက်ခဲ့ကြသည်။ ယင်းအခမ်းအနားသို့ သံဃာတော် အပါးနှစ်ထောင်ကျော် ကြွရောက်ခဲ့ကြသည်။

အခမ်းအနား ဖွင့်လှစ်ခြင်း

နံနက် ၈ နာရီအချိန်တွင် နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦးက “စိရံတိဋ္ဌတု သဒ္ဓေမ္ပော” သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ပေးလိုက်ပါသည်။ ထို့နောက် ဗုဒ္ဓနေ့ အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ရှေ့နေချုပ်ဦးချန်ထွန်းက “ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃာပူဇေမိ” သုံးကြိမ် ရွတ်ဆိုပေးလျက် နိုင်ငံတော် ၀ိနည်းဓိုရ် သာသနာလင်္ကာရ ဆရာတော်ထံမှ ကိုးပါးသီလ ခံယူကြသည်။ ကြွရောက်လာကြသော ပရိသတ် အပေါင်းတို့ကလည်း တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကိုးပါးသီလ ခံယူဆောက်တည်ကြပါသည်။

ဆုတောင်းမေတ္တာပို့သခြင်း

ကိုးပါးသီလ ခံယူပြီးသောအခါ ဆရာတော်များက မေတ္တာပို့သပေးကြပြီး နှစ်မိနစ်ငြိမ်သက်ကာ ကမ္ဘာသူ ကမ္ဘာသားများ ချမ်းသာသုခ ရရှိစေရေးအတွက် ဆုတောင်းမေတ္တာ ပို့သကြပါသည်။ ထို့နောက် ရှေ့နေချုပ် ဦးချန်ထွန်းက အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။ ပါလီမန်ခေတ် ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ဗုဒ္ဓနေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦးကိုယ်တိုင် တက်ရောက်ခဲ့ခြင်းဖြစ်ရာ လွတ်လပ်ရေးရရှိပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံတော်သမ္မတကိုယ်တိုင် တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာ့အသံမှ တိုက်ရိုက်အသံလွှင့်

မြန်မာသက္ကရာဇ် ၁၃၁၅ ခုနှစ် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော် အခမ်းအနားကို မြန်မာ့အသံမှ တိုက်ရိုက်အသံလွှင့် ပေးခဲ့သည်။ သို့ကြောင့်လည်း မြန်မာပြည်တစ်ဝန်း နေထိုင်ကြသူ လုပ်သားပြည်သူများ အနေဖြင့် ရန်ကုန်မြို့ ရွှေတိဂုံစေတီ ရင်ပြင်တော်တွင် နိုင်ငံတော်သမ္မတကိုယ်တိုင် တက်ရောက်လျက် အခမ်းအနား ကျင်းပခဲ့ပုံကို တိုက်ရိုက်ကြားသိ ကုသိုလ်တရား ပွားများနိုင်ခဲ့ကြသည်။ (ယနေ့ခေတ်ကဲ့သို့ ရုပ်မြင်သံကြား မပေါ်ပေါက်သေးသဖြင့် မြန်မာ့အသံမှသာ တိုက်ရိုက်အသံလွှင့်ခြင်း ပြုနိုင်ခဲ့ပါသည်)

ပြည်သူများအကြား

ပါလီမန်ခေတ် နိုင်ငံတော်သမ္မတကြီး အနေဖြင့် ပြည်သူများနှင့် တစ်သားတည်း ရှိခဲ့ပုံကို အဆောင်အယောင်မပါဘဲ ရွှေတိဂုံစေတီ ကုန်းတော်ထက်၌ ညောင်ရေသွန်းလောင်းခဲ့ခြင်းက သာဓကတစ်ရပ် ဖြစ်နေပေသည်။ အလားတူ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနှင့် ဇနီးဒေါ်မြရီ၊ သာသနာရေးဝန်ကြီး ဦးဝင်း၊ နိုင်ငံတော်ရှေ့နေချုပ် ဦးချန်ထွန်းတို့ အပါအ၀င် အစိုးရအဖွဲ့ဝင် ထိပ်တန်းပုဂ္ဂိုလ်များကိုလည်း ပြည်သူများအကြား တပျော်တပါး ညောင်ရေသွန်းလောင်းနေကြပုံကို တွေ့မြင်ကြရရာ ယနေ့ခေတ်မြင်ကွင်းနှင့် ကွာခြားလှပေသည်။

ကျမ်းကိုး
၁။မြန်မာ့ရေးရာသုတပဒေသာ(မောင်ဇနိယ)
၂။ မြန်မာ့အလင်းသတင်းစာ (၂၉-၄- ၁၉၅၃)ပါ ကဆုန်ညောင်ရေသွန်းပွဲတော် သတင်း

(နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး ညောင်ရေသွန်းလောင်းနေစဉ်)

Aye Chan Mon# Credit To :Eleven Media
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top