0

Published on: May 16, 2014
Written by: ဇင်ဘိုလွင်၊ သက်ဆွေ

သမ္မတ ဦးသိန်းစိန်၏ ဇာတိမြို့ဖြစ်သည့် ငပုတောမြို့၌ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးများအပေါ် ဆန္ဒပြမှုကို မေ ၁၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြမှုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး လူဦးရေ ၃၀၀ ခန့် ပါဝင်ခဲ့ကြောင်း၊ ငပုတော NLD ရုံးချုပ်ရှိသည့် ဗိုလ်တေဇလမ်းမှစကာ ယုဇလမ်းတစ်လျှောက်၊ ငွေသောင်ယံ လမ်းမကြီးတစ်လျှောက်၊ ရွှေကျင်ဆန်း လမ်းတစ်လျှောက်၊ မဂ္ဂင်လမ်းတစ်လျှောက် စသည်ဖြင့် လမ်းလျှောက်ကြွေးကြော်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်း လယ်ယာမြေများအရေး၊ တိုင်းရင်းသားဒေသများ ထာဝရငြိမ်းချမ်းရေးများကို တောင်းဆိုခဲ့ကြောင်း သိရသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာက သူတို့ဟာသူတို့ ရေးဆွဲတယ်။ သူတို့ဟာ သူတို့အတည်ပြု ထားတဲ့ဟာကို အခုဆန္ဒဖော်ထုတ်ခွင့်ရတဲ့ အခါကျတော့ ကျွန်တော်တို့ နစ်နာနေတဲ့၊ မကြိုက်တဲ့ အချက်လေးတွေကို ပြင်စေချင်လို့ ဆန္ဒပြရတာ ဖြစ်ပါတယ်။ ၅၉ (စ) ပြင်စေချင်တာကတော့ ကျွန်တော်တို့နိုင်ငံကို ကယ်တင်နိုင်မယ့်သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲလို့ ကျွန်တော်တို့ ယုံကြည်တယ်။ သူက သူ့ရဲ့မိသားစုနဲ့ အေးအေးချမ်းချမ်း နေနိုင်ပါရဲ့သားနဲ့ သူ့ရဲ့မိသားစုကို ပစ်ပြီးတော့ မြန်မာပြည်ကို ကယ်တင်ချင်တဲ့သူလို့ ကျွန်တော်တို့ ယုံကြည်တဲ့အတွက် ဒီပုဒ်မသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် လုပ်ထားတဲ့အတွက် ပြင်ပေးပါလို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ကိုဇော်ဝင်းအောင်က ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ၀င်ရောက်ရွေးချယ် ခံရနိုင်ရေးအတွက် အဟန့်အတား ဖြစ်နေသောကြောင့် ပြင်ဆင်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်ပြီး ပုဒ်မ ၄၃၆ မှာမူ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အရေးကြီးသည့် ပုဒ်မများကို ပြင်ဆင်နိုင်ရန် အဟန့်အတား ဖြစ်နေသည့်အတွက် ပြင်ဆင်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် NLD အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီတွင် ၀င်ရောက်လုပ်ဆောင်မှုများ ရှိနေသကဲ့သို့ လွှတ်တော်ပြင်ပတွင်လည်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လိုက်လံဟောပြောမှုများ ပြုလုပ်နေသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ၈၈ မျိုးဆက် အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လက်မှတ်ရေးထိုး လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ ပြင်ဆင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခြင်းစသည်ဖြင့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းမှုများ ရှိနေပြီး မေ ၁၇ (ယနေ့) နှင့် မေ ၁၈ ရက်များတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအပေါ် လူထုသဘောထားခံယူရေး ဟောပြောပွဲများကို ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်အဖွဲ့တို့ ပူးပေါင်းဟောပြောမှုများ ပြုလုပ်သွားရန် ရှိနေကြောင်း သိရသည်။

ငပုတောမြို့တွင် အဆိုပါဆန္ဒပြပွဲ မတိုင်မီတွင် မြေယာသိမ်းဆည်းခံရသည့် တောင်သူလယ်သမား အရေးအတွက်လည်းကောင်း၊ လူအခွင့်အရေး ချိုးဖောက်ခံရမှုများ အတွက်လည်းကောင်း၊ ခြောက်ကြိမ်ခန့် ဆန္ဒပြရန် တင်ပြခဲ့သော်လည်း ငပုတောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ဆန္ဒပြခွင့်များအား အကြိမ်ကြိမ် ပယ်ချခဲ့သဖြင့် ဆန္ဒပြခွင့်များ မရရှိခဲ့ကြောင်း သိရသည်။
-
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ငပုတောမြို့၌ မေ ၁၆ ရက်က ဆန္ဒပြနေသည်ကို တွေ့ရစဉ်

Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top