0

Published on: May 7, 2014
Written by: စိုးစံ(အင်းတော်)

မြစ်ဆုံစီမံကိန်း အပြီးအပိုင်ရပ်ဆိုင်းရေး ရန်ကုန်မြို့မှ မြစ်ဆုံဒေသသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်သည့် အဖွဲ့သည် မေ ၆ ရက် ည ၇ နာရီအချိန် အင်းတော်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်ဆုံစီမံကိန်း အပြီးအပိုင်ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးဆောင်ခြင်းဖြစ်ပြီး မတ် ၂၃ ရက်မှစတင်ကာ မြစ်ဆုံဒေသရှိ CPI ကုမ္ပဏီအထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြစ်ဆုံစီမံကိန်း အပြီးအပိုင် ဖျက်သိမ်းပြီးတော့ CPI က အခုလက်ရှိလုပ်နေတဲ့ မြစ်ဆုံဆည်ရေကာတာခုနစ်ခုကို ရပ်နားပြီး အမြန်ဆုံးထွက်သွားဖို့။ လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရက ခေတ္တရပ်ဆိုင်းတယ် ဆိုတာကို ဆက်လက်လုပ်ကိုင်နေတဲ့ ကိစ္စတွေဟာ လူတွေကို လှည့်စားတဲ့သဘော ဖြစ်နေတယ်။ CPI ကုမ္ပဏီကို အပြီးအပိုင် မောင်းထုတ်ပေးဖို့ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။ မတ် ၂၃ ရက် ရွှေတိဂုံ ကြေးသွန်းဘုရား အရှေ့ဘက်မုခ်ကနေ စတင်ထွက်ခွာလာတာပါ။ ကျွန်တော်တို့က နိုင်ငံတော်ကို ဆန္ဒပြနေတဲ့အဖွဲ့ မဟုတ်ဘူး။ နိုင်ငံတော်ကို ဆန္ဒပြနေတဲ့အဖွဲ့ မဟုတ်ပေမယ့် ဆန္ဒထုတ်ဖော်နေတာကို နိုင်ငံတော်က သိရမယ်။ ကမ္ဘာသိရမယ်။ ဧရာဝတီမြစ်ဟာ ဖက်ဒရယ်လည်းပါတယ်။ PEACE လည်းပါတယ်။ ကွန်စတီကျူးရှင်းလည်း ပါတယ်။ ဧရာဝတီဟာ နိုင်ငံရဲ့အရေး ဖြစ်တဲ့အတွက် မြန်မာနိုင်ငံတင် မဟုတ်ဘူး။ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ အခုအပူချိန်တွေ မြင့်တက်လာတယ်။ အပူချိန် မြင့်တက်လာတာ သစ်တောတွေ ပြုန်းတီးလို့ပဲ။ ပခုက္ကူမှာကြည့်လိုက် တံတားအောက်တွေမှာ သောင်ပြင်တွေ ထွန်းလာပြီ။ ဒါမျိုးတွေ ဖြစ်နေပြီဖြစ်တဲ့အတွက် ဒီ CPI ကိုအမြန်ဆုံး ထွက်သွားပေးဖို့ တောင်းဆိုပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအုပ်ချုပ်နေတဲ့ သူတွေကအစ ကမ္ဘာ့အဖွဲ့အစည်းတွေ အနေနဲ့ပါ မြစ်ကြီးတွေ မကျဆုံးဖို့၊ သစ်တောကြီးတွေ မကျဆုံးဖို့ ဒါမျိုးတွေနဲ့ ပတ်သက်ပြီးတော့ အားလုံးကြည့်မနေကြဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံ လိုက်ပါတယ်” ဟု ဆန္ဒထုတ်ဖော်သူ ကိုသီဟက မေ ၆ ရက်တွင် ပြောကြားသည်။

အဆိုပါ မြစ်ဆုံစီမံကိန်း အပြီးအပိုင်ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်သည့် အဖွဲ့သည် မေ ၆ ရက်ညတွင် အင်းတော်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ရုံးတွင် ညအိပ်ရပ်နားခဲ့ပြီး မေ ၇ ရက်နံနက် ၇ နာရီအချိန် အင်းတော်မြို့မှ မြစ်ဆုံဒေသသို့ ဦးတည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

မြစ်ဆုံဒေသသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်သည့်အဖွဲ့ မေ ၆ ရက် ည ၇ နာရီက အင်းတော်မြို့သို့ ရောက်ရှိခဲ့စဉ်

Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
2

Post a Comment

 
Top