0

Published on: May 23, 2014
Written by: ဝေယံဖြိုးဦး

ဖွဲ့စည်းပုံအခြေခံဥပဒေ အမှန်တကယ် ပြင်ဆင်နိုင်ပါ့မလားဆိုသည့်သံသယ တစ်နေ့တခြား ပိုရှိလာကြောင်း လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အဖွဲ့ဝင် ဒေါက်တာ အေးမောင်က မေ ၂၂ ရက်တွင် ပြောကြားသည်။

“ဒီနေ့ (မေ ၂၂ ရက်) လွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီရဲ့အစည်းအဝေးမှာ အခန်း(၂)ကို စပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့တွေ တခြားသူတွေ ဆွေးနွေးကြသလိုပေါ့ဗျာ။ တကယ်တမ်း အကောင်းဘက်ကအမြင်နဲ့ ဆွေးနွေးကြတာကို။ အကောင်းဘက်ကအမြင်နဲ့ ကျွန်တော်တို့က ဆွေးနွေးတယ်။ ဒါပေမဲ့ အကောင်းဘက်က အမြင်ကလည်း တကယ့် တကယ် လက်တွေ့မှာ အဆိုးဘက်ကို ရောက်ရင် ရောက်သွားနိုင်တာပေါ့။ အဲဒါလေးတွေလည်း ဖြစ်တတ်ပါတယ်။ အဲဒီလိုမဖြစ်ဖို့က အားလုံးမှာ တာဝန်ရှိတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ကဏ္ဍအလျောက်ကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ကြည့်တာပေါ့ဗျာ။လက်တွေ့မှာ တကယ်တမ်းဖြစ်ချင်မှ ဖြစ်လာမယ်။အဲဒီတော့ မဖြစ်တော့ဘူးလို့ ကျွန်တော်တို့ဘက်က ယူဆတဲ့တစ်နေ့မှာတော့ဖြင့် ကျွန်တော်တို့ကလည်း နိုင်တဲ့ဝန်လောက်ပဲ ထမ်းနိုင်မယ်ဆိုတာကို တောင်းပန်ချင်ပါတယ်။ကျွန်တော်တို့လည်း နိုင်တဲ့ဝန်တော့ အတတ်နိုင်ဆုံး ထမ်းပါမယ်။ ကျွန်တော်တို့က အင်မတန် အင်အားနည်းပါတယ်။

သမိုင်းဆိုတာတော့ ကျန်ခဲ့မှာပေါ့ဗျာ။ ပြင်ဖို့ ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှ ပြင်နိုင်ပါ့မလားဆိုတဲ့ သံသယလေးကတော့ ကျွန်တော်တို့မှာ တစ်နေ့ထက်တစ်နေ့ ပို ရှိရှိလာတယ်”ဟု ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။

လွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစည်းအဝေးများတွင် အဖွဲ့ဝင်များအနေဖြင့် ပြည်သူအများ ပြင်ဆင်ရန် စိတ်ဝင်စားနေသည့်ပုဒ်မ ၄၃၆ ကို ဦးစွာဆွေးနွေးခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)နှင့် အခန်း(၂)တို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က မေ ၂၂ ရက်တွင် ပြောကြားသည်။

ယခုကဲ့သို့ လွှတ်တော်ကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး ဆွေးနွေးလျက်ရှိသော်လည်း ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ရန် မဲခွဲဆုံးဖြတ်သည့်အချိန်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် သဘောတူညီချက် ရရှိပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူရမည်ဖြစ်သဖြင့် အမှန်တကယ်ပြင်ဆင်နိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။

ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top