ဆာပေါလို၊ မေ ၁၆
၂၀၁၄ ကမ္ဘာ့ဖလား လက်ခံကျင်းပသည့် စရိတ်ကြီးမြင့်ခြင်းကို ဘရာဇီးနိုင်ငံသား ထောင်ပေါင်းများစွာက ဆာပေါလိုမြို့နှင့် ရီယိုဒီဂျာမဲလိုး မြို့တို့တွင် ကန့်ကွက် ဆန္ဒပြနေခြင်းကြောင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့ရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
လူမှုဖူလုံရေး အစီအစဉ်များ၊ အိမ်ရာ စီမံကိန်းများတွင် အသုံးမပြုဘဲ ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် ဒေါ်လာဘီလီယံချီ အသုံးပြုနေခြင်းကို ဒေါသထွက်သည့်အတွက် ဆန္ဒပြခြင်း ဖြစ်ကြောင်း ဆန္ဒပြသမားများက ပြောကြားသွားသည်။
ဘရာဇီးမြို့တော် အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့များတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ အချို့က ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ပြီး အချို့က ကားတာယာများကို မီးရှို့ခဲ့ကြသည်။
ကျောင်းဆရာများနှင့် ပြည်သူ့ဝန်ထမ်းများလည်း ဆန္ဒပြမှုများတွင် ဝင်ရောက်ပူးပေါင်း ပါဝင်နေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ကမ္ဘာ့ဖလား နောက်ဆုံးပွဲစဉ်ကို ဇူလိုင် ၁၃ ရက်နေ့တွင် လက်ခံကျင်းပမည့် ရီယိုဒီဂျာမဲလိုးမြို့တွင်း လမ်းမကြီးပေါ်တွင် လူရာပေါင်းများစွာက ခရီးသွားလာမှု အများဆုံးအချိန်၌ ချီတက် ဆန္ဒပြခဲ့ကြသည်။
ထို့အပြင် ဘရာဇီးနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ဆာပေါလိုမြို့တွင် ရဲတပ်ဖွဲ့များနှင့် ဆန္ဒပြသမားများကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
သို့သော်လည်း လက်ရှိဖြစ်ပွားသည့် ဆန္ဒပြမှုများတွင် ပါဝင်သူများမှာ ပြီးခဲ့သည့်နှစ် ဆန္ဒပြမှုများတွင် ပါဝင်သည့် အရေအတွက်ထက် သိသိသာသာ လျော့နည်းလျက် ရှိသည်။
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ညံ့ဖျင်းခြင်း၊ အကျင့်ပျက် လာဘ်စားခြင်း၊ ကမ္ဘာ့ဖလားပွဲ ကုန်ကျစရိတ်များ မြင့်တက်လာခြင်း တို့ကြောင့် ပြီးခဲ့သည့် ဇွန်လအတွင်း လူပေါင်း တစ်သန်းကျော်မှာ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။
ကမ္ဘာ့ဖလားပွဲ ကျင်းပရန် အချိန်နီးကပ် လာသည်နှင့်အမျှ ဆန္ဒပြမှုများ ပိုမိုကြီးမားလာမည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူအချို့က ပြောကြားလျက်ရှိပြီး ကမ္ဘာ့ဖလား ဘောလုံးပွဲကို ဇွန် ၁၂ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်သည်။
လက်ရှိ ဆန္ဒပြမှုများကို အစိုးရအဖွဲ့က အနီးကပ် စောင့်ကြည့်နေပြီး ဘောလုံးပွဲတော် ကာလအတွင်းတွင်လည်း လုံခြုံရေးရာ စိန်ခေါ်မှုကြီးများကို ကြုံတွေ့ရမည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာ့ဖလား ဘောလုံးပွဲနှင့် သမ္မတ ရွေးကောက်ပွဲ စသည်တို့ ကျင်းပရန် စီစဉ်ထားသဖြင့် အုပ်စုအသီးသီးမှာ အစိုးရအဖွဲ့အပေါ် အမြင့်ဆုံး ဖိအားပေးနိုင်ရန် ပြင်ဆင်လျက် ရှိသည်။
Aye Chan Mon# Credit To :The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment