``ကုန်းဘောင်နေမီး၊ မထိန်ညီး၍၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊ ထီးသုန်း နန်းသုန်း၊ ကြငှန်းသုန်း၍၊ မြို့သုဉ်း သုည၊ ဤသုံးဝမှာ ဖြစ်လာရချေ၊ တို့တစ်တွေသည်၊ သေသော်မှတည့်-သြော် ကောင်း၏ ....´´
ဒီရတုပိုဒ်လေးကို မြန်မာစာပေနဲ့ မစိမ်းသူ အားလုံးပဲ ကြားဘူးကြပါလိမ့်မယ်.. နောက်ဆုံး စာကြောင်းလေးကိုတော့ အတော်များများလဲ သိကြလိမ့်မယ် ထင်ပါတယ်.. ဒါပေမဲ့ ဒီသမိုင်းကြောင်းလေးကို သိနိုင်သူကတော့ အနည်းငယ်ပဲ ရှိကြပါလိမ့်မယ်..
အထက်ပါ ``တစ်ဖန်မှတ်စေ၊ ထပ်၍ဖြေပိမ့်´´ ဧကပိုဒ်ရတုကို ရေးဖွဲ့ခဲ့တာကတော့ ဆီးဘန်းနီဆရာတော် ဖြစ်ပါတယ်.. ဆရာတော်ဟာ နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်ပါဘူး.. ပရိယတ္တိသာသနာမှာ ထူးချွန်လှသလို စာပေဂျမ်းဂန် အရာမှာလဲ နှံစပ်ကျွမ်းဝင်သူ ရဟန်းတော်တစ်ပါးပါ..
သီပေါမင်းပါတော်မူပြီးနောက် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝ ရောက်သွားရပုံကို ``မှတ်ပါရစ်စေ၊ မှာခဲ့ပေအံ့´´ ဧကပိုဒ်ရတုဖြင့် ယူကြုံးမရစွာ ရေးဖွဲ့ခဲ့ပါတယ်.. မူးမတ်တို့ အမြော်အမြင်မရှိ သစ္စာဖောက်ဖျက်ကြလို့ သူ့ကျွန်ဘဝရောက်ရပုံကို ရည်ညွှန်းဖွဲ့ဆိုတာပါ.. ဒါကို ကင်းဝန်မင်းကြီးက ``မန်းမကိဋ်မှာလ´´ လေးချိုးကဗျာဖြင့် လောကဓံတရားကြောင့်လို့ ချေပပါတယ်..
ဒါကြောင့်ပဲ ဆရာတော်ဟာ ဒီဧကပိုဒ်ရတုဖြင့် ဖွဲ့ဆိုပြီး ပြန်လည်ချေပခဲ့ရာမှာ အထူးထင်ရှားခဲ့ပါတယ်.. အဲ့ဒီခေတ် လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရောက်ရှိခဲ့ပါတယ်.. သူ့ကျွန်ဘဝမှာ နေရတာထက် တော်လှန်ရင်း သေဆုံးရတာကမှ မြတ်သေးတယ်ဆိုတဲ့ မျိုးချစ်စိတ်များကို နှိုးထစေခဲ့ပြီး အင်္ဂလိပ်တို့ကို နိုင်ငံအနှံ့ တော်လှန်ဖို့ စိတ်ဓာတ်ခွန်အားများ ဖြစ်စေခဲ့သလို အင်္ဂလိပ်အစိုးရရဲ့ စောင့်ကြည့်ခြင်းလဲ ခံခဲ့ရပါတယ်..
ဆရာတော်နဲ့ အင်္ဂလိပ်အမှု့ ထမ်းဆက်လုပ်တဲ့ ကင်းဝန်မင်းကြီးတို့ရဲ့ အပြန်အလှန်ရေးဖွဲ့ကြတဲ့ ကလောင်တိုက်ပွဲကလဲ ``ပါတော်မူ ကဗျာစု´´လို့ဆိုရမဲ့ မြန်မာစာပေတိုက်ပွဲများ သမိုင်းဝင် အကြောင်းအရာ ဖြစ်ခဲ့ပါတယ်.. မြန်မာအမျိုးသားရေး စိတ်ဓာတ်များကို နိုးထစေခဲ့တဲ့ ဆရာတော်ဟာ မြို့သူမြို့သားများရဲ့ လေးစားကြည်ညိုခြင်းကို ခံရသလို ဆရာတော် ပျံလွန်တော်မူတော့လဲ ဈာပနအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး အရိုးအိုးကို ဋ္ဌာပနာကာ အမှတ်တရအုတ်ဂူ တည်ပေးခဲ့ပါတယ်..
မန္တလေးလေယာဉ်ကွင်း သွားရာလမ်း ၇၈ လမ်းမပေါ် ခင်စောမူဆီစက်ကွေ့ နေရာမှာပါ.. မြန်မာစာပေလောကမှာ ရဟန်းပညာရှိများထဲမှာ ရှားရှားပါးပါး အုတ်ဂူအဖြစ် ကျန်ခဲ့တာ ပြည်မြို့က ရှင်မဟာရဌသာရနဲ့မှ နှစ်ပါးပဲ ရှိပါတယ်.. ၁၉၈၆ ခုနှစ်ကတော့ သမိုင်းကြောင်းသိမှီသူများ ကောင်းမှု့ နဲ့ မန္တလေးမြို့ရှေးဟောင်း သမိုင်း သုတေသနမှ ထုံးဖြူဖြူ.. ဆွဲလဲသံချိုချိုနဲ့ ပြုပြင်နိုင်ခဲ့ပေမဲ့ အရေးအခင်းကြီးနောက်ပိုင်းမှာ ပျောက်ကွယ်ခဲ့ရပါတယ်..
ဆရာတော်ကို ``ဇာတိမာန် မျိုးချစ်ဆရာတော်´´လို့ မော်ကွန်းကမ္ပည်းထိုး မှတ်တမ်းတင်ခဲ့ကြပါတယ်.. ဒါပေမဲ့ ဆရာတော်ဟာ ကံမကောင်းခဲ့ပါဘူး.. စာဆိုတော်နေ့ရောက်တိုင်း လာရောက်ဂါရဝပြု ကန်တော့ကြရမဲ့ မန္တလေးမြို့ရဲ့ သမိုင်းဝင်နေရာ တစ်ခုဟာ ပျောက်ကွယ်ခဲ့ရပါတယ်.. ဒါဟာ သမိုင်းကြောင်းတစ်ခုကို မေ့ဖျောက်ပစ်ခဲ့ကြလို့.. တန်ဘိုးမထားတတ်ကြလို့.. အားလုံးရဲ့ တာဝန်မကင်းပါဘူး.. မန္တလေးမြို့ရဲ့ သမိုင်းကြောင်းတွေ လက်ဆင့်ကမ်းနိုင်မှ ရှေးဟောင်းသမိုင်းဝင် နေရာတွေဟာ တန်ဘိုးရှိပါမယ်.. ထိမ်းသိမ်းဖို့ သိနိုင်ကြပါမယ်.. သင်ကော.. မန္တလေးကို ဘယ်လောက်ချစ်သလဲ.....?
....ဆက်ပါအုံးမည်....
ဓာတ်ပုံ : ကိုစောအောင်မင်း
Aye Chan Mon# Credit To :အက်ရှင်ဘဘ ဒီမို
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment