Published on: May 21, 2014
Written by: အောင်သူငြိမ်း
မကွေး-နတ်မောက် ရထားလမ်းစီမံကိန်း၊ ရေနံချောင်းမြို့မှ ရှမ်းပြည်နယ်သို့ တင်ပို့သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် တပ်သိမ်းမြေများ အပါအ၀င် ယာမြေဧက ၂၀၀၀ ကျော်အတွက်နှင့် နှစ်ရှည်သစ်ပင်များ ပျက်စီးမှုအတွက် လျော်ကြေးရရှိရန် မကွေးမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၉ ရွာမှ တောင်သူ ၂၀၀ ကျော် မကွေးမြို့နယ် မကွေး-နတ်မောက် ကားလမ်းပေါ်ရှိ ကြာကန်ကျေးရွာတွင် မေ ၂၁ ရက် နံနက်က ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ယင်းဆန္ဒထုတ်ဖော်ပွဲမှာ မကွေးမြို့နယ်အတွင်း ပထမဆုံးအကြိမ် တရားဝင်ခွင့်ပြုမိန့် ရခဲ့သည့်ပွဲဖြစ်ကြောင်း အဆိုပါ စီမံကိန်းများအတွက် ဒေသခံတောင်သူများအား ကြိုတင်အသိပေး တိုင်ပင်မှု လုံးဝမရှိခဲ့သည့်အပြင် ယနေ့အထိ လျော်ကြေးငွေ လုံးဝမရရှိခဲ့သောကြောင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း ကာယကံရှင်များက ဆိုသည်။
“သဘာဝဓာတ်ငွေ့ပိုက်လိုင်းက ၂၀၀၇ ခုနှစ်က လုပ်ခဲ့တာ ရထားလမ်းကတော့ ၂၀၁၀ ပြည့်နှစ်မှာ ဖောက်ခဲ့တာပါ။ အဲဒီ စီမံကိန်းတွေ လုပ်သွားပြီး လျော်ကြေးပေးမယ်ဆို သုံးခါလောက် ပြောခဲ့ပေမယ့် လုံးဝမရသေးလို့ ဆန္ဒပြဖို့ လာခဲ့တာပါ။ ကျွန်တော့်ယာမြေက ရထားလမ်း စီမံကိန်းထဲမှာ ခြောက်ဧကလောက် ပါသွားတယ်။ အခု ကာလပေါက်ဈေးက တစ်ဧကကို အနည်းဆုံး ကျပ်ရှစ်သိန်းလောက် တန်ပါတယ်” ဟု လိပ်ကန်းကျေးရွာမှ တောင်သူဦးစိုးလွင်ဦးက ဆိုသည်။
ယင်းဆန္ဒပြပွဲတွင် ကြာကန်ကျေးရွာအနှံ့ လှည့်လည်၍ “မြေယာလျော်ကြေး အမြန်ပေး”၊ “ထန်းပင်လျော်ကြေး ချက်ချင်းပေး”၊ “ပြည်သူတွေရဲ့ လိုအပ်ချက်များ အမြန်ဆုံး ဖြည့်ဆည်းပေး” စသည်တို့ ကြွေးကြော်ခဲ့ကြသည်။ ဆန္ဒပြပွဲအပြီးတွင် ကြာကန်ကျေးရွာ မြောက်ပိုင်းရှိ ဦးမာ၏နေအိမ်တွင် ရန်ကုန်မြို့မှ လာရောက်သည့် ရှေ့နေဦးဖိုးဖြူက ဒေသခံတောင်သူများအား လယ်ယာမြေပိုင်ဆိုင်ခွင့် ဥပဒေများအကြောင်း ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ ယာမြေများအတွက် လျော်ကြေးငွေ မရရှိပါက မူလယာမြေပိုင်ရှင်များက ဥပဒေကြောင်းအရ တရားစွဲသွားမည်ဖြစ်ကြောင်း သိရသည်။
-
မေ ၂၁ ရက်က မကွေးမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၉ ရွာမှ တောင်သူ ၂၀၀ ကျော် မကွေး-နတ်မောက်ကားလမ်းပေါ်ရှိ ကြာကန်ကျေးရွာတွင် ဆန္ဒပြနေသည်ကို တွေ့ရစဉ်
ACM Credit To:Eleven Media
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment