0

ရန်ကုန်၊ACM Re-Post 29-5-2014

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေသော အစိုးရသစ် လက်ထက်တွင် လူငယ်များ နိုင်ငံရေးအတွက် စွန့်လွှတ် အနစ်နာခံခြင်းသည် လမ်းကြောင်းမှန်ပေါ် ရောက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

မေလ ၂၉ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် Sky Star ဟိုတယ်တွင် ပြုလုပ်သော နိုင်ငံရေးပါတီများတွင် လူငယ်များ ပါဝင်လှုပ်ရှားမှု ဆွေးနွေးပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံရေး လုပ်ဆောင်မှုများတွင် လူငယ်များ စွန့်လွှတ် အနစ်နာခံသည်ကို တွေ့ရှိရသော်လည်း မှားယွင်းနေသော လမ်းကြောင်းအတွင်း ဝင်ရောက်သွားမည်ကို စိုးရိမ်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

“ပြုပြင်ပြောင်းလဲရေးကို သွားနေတဲ့အချိန်မှာ တိုင်းပြည်က ကျွန်တော့်အတွက် ဘာလုပ်ပေးမလဲ မတောင်းဆိုနဲ့။ တိုင်းပြည်အတွက် ဘာလုပ်ပေးမလဲကိုပဲ စဉ်းစားရမယ့် အချိန်ပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် အစိုးရသစ် လက်ထက်တွင် နိုင်ငံရေးသင်တန်းကျောင်းများ ဖွင့်လှစ်ရေးကို အားပေးနေသော်လည်း သင်ကြားမှုများသည် နိုင်ငံတော် တည်ဆောက်ရေးအတွက် ဖြစ်သင့်ကြောင်း၊ မြန်မာ့နိုင်ငံရေးတွင် လူငယ်များ ပါဝင် ဆောင်ရွက်နေသည်ကို တွေ့ရှိရသော်လည်း စွမ်းရည်မြှင့်တင်ရန် လိုအပ်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းသို့ လူငယ်များ နိုင်ငံရေးနယ်ပယ်တွင် ကျယ်ပြန့်စွာ ပါဝင်ရေးအတွက် အစိုးရက လမ်းဖွင့်ပေးရန် လိုအပ်ပြီး အတားအဆီး ဖြစ်နေသော ဥပဒေများကို ပြင်ဆင်ပေးရန် လိုအပ်ကြောင်း Generation Wave မှ ဦးမိုဃ်းသွေးက ပြောကြားသည်။
“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အမှန်တကယ် လုပ်ဆောင်နေတဲ့ သူတွေကိုတော့ လမ်းကြောင်းမှား ရောက်နေတယ်လို့ ပြောလို့ မရပါဘူး” ဟု ၎င်းကဆိုသည်။

လူငယ်များ၏ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မူဝါဒ၊ အကြံပေးချက်များကို ရယူသွားရန်အတွက် အမျိုးသားလူငယ်စင်တာ (National Youth Center) ဖွဲ့စည်း တည်ထောင်မည် ဖြစ်ကြောင်း မတ်လ တတိယပတ်အတွင်း ပြုလုပ်သော အာဆီယံလူငယ်ဖိုရမ်သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာ ပေးပို့ထားပြီး အရပ်ဘက် လူငယ်အဖွဲ့အစည်းများ ပါဝင်သော လူငယ်စင်တာ တည်ထောင်ရေး ယာယီကော်မတီကို မေလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းထားသည်။

Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top