0

Published on: May 14, 2014
Written by: သက်ထိန်ဝင်း(ပခုက္ကူ)

၉၉၄ ခုနှစ်တွင် တပ်မ (၁၀၁) မှ သိမ်းယူခဲ့သော ပခုက္ကူမြို့နယ်အတွင်း ပေါက်အင်းဧရိယာရှိ ဒေသခံများပိုင်ဆိုင်သည့် စိုက်ပျိုးမြေဧက ၄၀၀ ကျော် ပြန်လည်ရရှိရေး သက်ဆိုင်ရာသို့ ၂၀၁၂ ခုနှစ်မှစ၍ တင်ပြတောင်းခံထားသော်လည်း ယနေ့အချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။

တပ်မ (၁၀၁) မှ သိမ်းယူထားသော အဆိုပါစိုက်ပျိုးမြေများကို ယနေ့အချိန်အထိ စစ်ဖက်ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်းမရှိဘဲ ဒေသခံများအပေါ် တစ်ဧကလျှင် တစ်ရာသီ စပါး ၁၆ တင်းနှုန်းဖြင့် သီးစားပြန်လည်ချထားပေးပြီး ပေါက်အင်းငါးလေလံကိုလည်း တစ်ရာသီ ကျပ်သိန်း ၅၀ ခန့်နှုန်းဖြင့် လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

“ဦးတို့ ပြည်သူတွေ လုပ်ကိုင်တုန်းက ပေါက်အင်းထဲမှာ သူ့အချိန်နဲ့သူ ရေသွင်းရေထုတ်လုပ်ပြီး စိုက်ပျိုးမြေ အလကားမဖြစ်အောင် လုပ်တယ်။ အခုကျတော့ တပ်နယ်မြေဆိုပြီး သူတို့စိုက်ချင်တဲ့ နေရာစိုက်တယ်။ မစိုက်ချင်တဲ့နေရာ မစိုက်ဘူး။ မစိုက်ဘဲ ဒီတိုင်းထားတဲ့မြေက တစ်နှစ်ကို ဧက ၈၀ ၀န်းကျင်လောက် ရှိတယ်။ ဒေသခံတွေမှာကျ စိုက်ပျိုးမြေ မရှိတော့တဲ့အတွက် ကြုံရာကျပန်း လုပ်စားရတာ အနှစ် ၂၀ ကျော်နေပြီ။ ဦးရဲ့ ခြံမြေ ၄ ဒသမ ၅၀ ဧကကိုလည်း စည်ပင်က နှစ်ရှည်သီးချပြီး လုပ်စားတယ်။ ပြန်ပေးဖို့ တင်ပြထားပေမယ့် အခုချိန်အထိ တိကျတဲ့ အဖြေနဲ့ အကြောင်းပြန်တာ မရှိသေးဘူး။ မကြာခင် ဆုံးဖြတ်ပေးမှာပါပဲ ပြောတယ်။ မကွေးတိုင်းက လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေလာတုန်းကလည်း တင်ပြထားတယ်။ ခုထိတော့ ဘာမြေမှ ပြန်မရသေးဘူး” ဟု ခြံမြေနှင့် လယ်မြေစုစုပေါင်း ၁၁ ဧကကျော် အသိမ်းခံခဲ့ရသည့် ဒေသခံတစ်ဦးက ဆိုသည်။

တပ်မ (၁၀၁) မှ သိမ်းယူထားသော အဆိုပါစိုက်ပျိုးမြေ ဧက ၄၀၀ ကျော်အား ခလရ ၂၅၁၊ ခလရ ၂၅၂ နှင့် ခလရ ၂၅၃ တို့အား အချိုးကျခွဲဝေပေးထားပြီး ပခုက္ကူမြို့နယ်အတွင်း ကုက္ကိုလှ၊ ရွာသစ်ကုန်း၊ ဆည်ရွာ၊ ကျွန်းဦး၊ သဘောင်္ကုန်း၊ မယ်ဇလီပင်ကုန်းနှင့် လယ်ယာကျေးရွာတို့မှ ဒေသခံများ ပိုင်ဆိုင်ကြောင်း သိရသည်။

“သူတို့မှာက လစာရတယ်။ ထောက်ပံ့ပစ္စည်းတွေ ရတယ်။ ကျွန်တော်တို့မှာက လယ်လုပ်မှ ပါးစပ်လှုပ်ရတာ။ လယ်တွေ အသိမ်းခံရပြီး နောက်ပိုင်းမှာ စီးပွားရေး အတော်ကြပ်သွားတယ်။ ပေါက်အင်းကို အရင်တုန်းကို သမစနစ်နဲ့ ငါးဖမ်းပြီး အိမ်တိုင်း ငါးအချိုးကျရတယ်။ အခုကိုယ်ပိုင်တဲ့အင်းနဲ့ လယ်တွေကိုလည်း သူတို့ဆီမှာ အဖိုးအခပေးပြီး လုပ်ခွင့်ပြန်တောင်းနေရတယ်။ ဘယ်လိုမှ မဖြစ်သင့်တဲ့ အခြေအနေပါ။ တပ်အဆောက်အအုံလည်း မရှိတဲ့အတွက် ပြန်ပေးသင့်ပါတယ်” ဟု ကုက္ကိုလှကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

ယခင်စစ်အစိုးရလက်ထက် လယ်ယာမြေသိမ်းဆည်းမှုများနှင့် ပတ်သက်၍ ပခုက္ကူ ဒေသခံများက မိမိတို့ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့ပြီး ပြန်လည်ရရှိသည့် မြေယာများရှိသကဲ့သို့ ပြန်လည်မရရှိသည့်မြေ အများအပြားရှိကြောင်း သိရသည်။
-
စစ်ဖက်ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း မရှိသော်လည်း ပြန်လည်မစွန့်လွတ်သေးသည့် ပခုက္ကူမြို့နယ်တွင်းမှ ဒေသခံများပိုင် ပေါက်အင်းစိုက်ပျိုးမြေများအား တွေ့ရစဉ်

Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top