0

ရန်ကုန်၊ မေ ၁၃

ခေတ်ကာလ အခြေအနေအရ ပေါ်ပေါက်လာသော ဘာသာသာသနာဆိုင်ရာ အဖွဲ့အစည်းများသည် သံဃမဟာ နာယကအဖွဲ့ထံ သြဝါဒခံယူရန်အတွက် သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်း ပြင်ဆင်ရေးအဖွဲ့က ညွှန်ကြားလွှာ ထုတ်ပြန်မည် ဖြစ်ကြောင်း ဂိုဏ်းပေါင်းစုံ သံဃာတော်များက မိန့်ကြားသည်။

ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နှင့် စနစ်တကျ ဖွဲ့စည်းပုံများကို သံဃနာယက အဖွဲ့များထံ တင်ပြခြင်းမပြုဘဲ သံဃာအဖွဲ့အစည်းများ ဖွဲ့စည်း ဆောင်ရွက်နေခြင်းနှင့် ပတ်သက်ပြီး မေလ ၁၃ ရက်နေ့တွင် ပြုလုပ်သော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးတွင် အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ဆရာတော်များက မိန့်ဆိုသည်။

သာသနာတော်နှင့် မလျော်သော ဘာသာသာသနာဆိုင်ရာ အဖွဲ့အစည်းများကို သံဃ မဟာနာယကက အထိန်းအကွပ်မရှိဘဲ ဖွဲ့စည်းထားပါက အဓမ္မဝါဒများ အတားအဆီးမရှိ ပြန်လည် ခေါင်းထောင် လာနိုင်ခြင်း၊ ရဟန်းတု ရဟန်းယောင်များ ကြီးထွား လွှမ်းမိုးလာနိုင်ခြင်းနှင့် ဝိနိစ္ဆယ ဆုံးဖြတ်ချက်များ ပျက်စီးသွားနိုင်ခြင်း တို့ကြောင့် သာသနာတော်ကိုသာမက နိုင်ငံတော်ကိုပါ ထိခိုက်နိုင်သည့် အခြေအနေများကို မျှော်မှန်းကြည့်ရှုရန် လိုအပ်ကြောင်း နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အောင်စည်သာ ကျောင်းတိုက် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘန္ဒန္တဝိစက္ခဏက မိန့်ကြားသည်။

“သြဝါဒ ခံယူရန် လျှောက်ထားရာမှာ ပါတီနိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ကိစ္စများကို မပါဝင်စေဘဲ ဗုဒ္ဓသာသနာ ထွန်းကားရေး ကိစ္စအတွက်သာ ဆောင်ရွက်မည် ဖြစ်ကြောင်း တင်ပြရန် လိုအပ်ပါတယ်” ဟု အဆိုပါ ဆရာတော်က မိန့်ဆိုသည်။

ယင်းသို့ သံဃာ့ အခြေခံစည်းမျဉ်းများဖြင့် ဖွဲ့စည်းထားသော သံဃနာယက အဖွဲ့ထံသို့ သြဝါဒခံယူရန်အတွက် သာသနာရေး အဖွဲ့အစည်းများက နိုင်ငံတော်နှင့် သံဃနာယကအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာရမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ရုံးအဖွဲ့ဝင် ဆရာတော် အရိယာနန္ဒက မိန့်ကြားသည်။

“ဆရာတော်တို့ကလည်း တိုင်းနဲ့ မြို့နယ်အလိုက် သံဃမဟာနာယကထံ သြဝါဒ ခံယူဖို့ ညွှန်ကြားထားပြီးပါပြီ” ဟု ၎င်းဆရာတော်က မိန့်ဆိုသည်။

ထို့အပြင် မေလပထမပတ်အတွင်း ပြုလုပ်သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲတွင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့သည် နိုင်ငံတော် သံဃမဟာနာယကနှင့် သာသနာရေး ဝန်ကြီးဌာနတို့ကို ဆန့်ကျင်တိုက်ခိုက်ခြင်း မရှိဘဲ သာသနာရေး ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

Aye Chan Mon# Credit To : The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top