(ဆောင်းပါးရှင် - နီမင်းဆွေ)
တက္ကသိုလ်တွေမှာ စနစ်ဟောင်းနဲ့ သင်ကြားကြရတဲ့ အချိန်ကာလတစ်ခုမှာ ကိုယ်မန္တလေးတက္ကသိုလ် ဥပစာ (ခ) တန်းမှာ ကျောင်းတက်နေခဲ့ပါတယ်။ အဲဒီတုန်းက အင်္ဂလိပ်ဖတ်စာအုပ်တွေ တော်တော်များများ သင်ယူခဲ့ရပါတယ်။ စာအုပ်တွေကလည်းကောင်း သင်တဲ့ဆရာ ဆရာမကြီးတွေကလည်း အလွန်တော်ကြတာမို့ အဲဒီ အင်္ဂလိပ်ဖတ်စာအုပ်တွေကို သင်ခဲ့ရတဲ့အချိန်ဟာ ဘ၀တစ်ခုလုံးရဲ့ အပျော်ရွှင်ဆုံး ကာလတစ်ခုလို့ ပြောရင်တောင် မှားနိုင်မယ် မထင်ပါဘူး။ ဒါပေမဲ့ အဲဒီစာသင်နှစ်မှာ လေးလလောက်ပဲ ကျောင်းတက်လိုက်ရပြီး မန္တလေးတက္ကသိုလ်ကြီး ပိတ်သွားတယ်။ ကျောင်းကြီးပိတ်သွားလို့ မွေးရပ်မြို့လေးကို ပြန်လာခဲ့ရပေမယ့် အဲဒီတုန်းက သင်ခဲ့ရတဲ့ ဖတ်စာအုပ်ထဲက ‘လေထန်ကုန်း’ Wuthering Heights ဆိုတဲ့ ၀တ္ထုဇာတ်လမ်းက ကိုယ့်ရင်ထဲကို ကပ်ငြိပြီး ပါလာခဲ့ပါတယ်။
ဒီကနေ့ ကမ္ဘာက သတ်မှတ်ထားတဲ့ အကောင်းဆုံး ၀တ္ထုစာအုပ် ၁၀၀ စာရင်းထဲမှာ လေထန်ကုန်းဟာ နံပါတ် ၁၃ နေရာမှာ ရှိနေတဲ့အကြောင်း မကြာသေးခင်ကာလက သိလိုက်ရတဲ့ အခါမှာ ဒီဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့ ထူးခြားတဲ့ စရိုက်တွေကြောင့် ခုလိုနံပါတ်ချိတ်ရတာများလားလို့ တွေးမိသွားတယ်။ နောက်ပြီး ဒီဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့ စရိုက်တွေဟာ ကိုယ်တို့နိုင်ငံက လူတချို့ရဲ့ စရိုက်တွေနဲ့ လာတူနေတယ် ဆိုတာကိုလည်း သတိထားနေမိခဲ့တာ အတော်ကြာပြီ။ ဒါ့ကြောင့် ရုပ်ရှင်ထဲမှာရော အဲဒီဇာတ်ကောင်တွေ ဘယ်လိုနေလေမလဲဆိုတာကို သိချင်လို့ ဟိုတစ်နေ့ကတော့ ၁၉၃၉ ခုနှစ်က အဖြူအမည်းနဲ့ရိုက်ထားတဲ့ လေထန်ကုန်း ရုပ်ရှင်ဇာတ်ကားကို ပြန်ရှာပြီး ကြည့်ဖြစ်ခဲ့ပါတယ်။
မစ္စတာလော့ခွတ်ဒ်ဆိုတဲ့ ခရီးသွားတစ်ယောက်ဟာ တစ်ရက်မှာ နှင်းမုန်တိုင်းတွေကြားမှာ မျက်စိလည် လမ်းမှားသွားတဲ့အတွက် ‘လေထန်ကုန်း’ လို့ အမည်ရတဲ့ အိမ်ကြီးရခိုင်ထဲမှာ ၀င်တည်းခဲ့ရပါတယ်။ အဲဒီညမှာ အိမ်ပိုင်ရှင် ‘ဟိကလစ်ဖ်’ က အိမ်အပေါ်ထပ်မှာ သူ့ကိုတည်းခိုခွင့် ပြုခဲ့ပါတယ်။ နောက် အဲဒီညမှာမှာပဲ သူသရဲခြောက်ခံရလို့ ဟိက လစ်ဖ်ကို သွားပြောပြတဲ့အခါ ဟိကလစ်ဖ်ဟာ အိမ်အပြင်ကို သုတ်သီးသုတ်ပျာနဲ့ ပြေးထွက်သွားခဲ့ပါတယ်။ ဒါ့ကြောင့် လော့ခွတ်ဒ်က အိမ်အကူအမျိုးသမီး ‘အယ်လင်’ ကို ဒီအကြောင်း ဆက်ပြောပြမိတယ်။
အဲဒီအခါမှာ အယ်လင်က ဟိကလစ်ဖ်ဟာ ‘ကက်သီ’ ရဲ့ဝိညာဉ်ကခေါ်လို့ လိုက်သွားတာပါလို့ပြောပြီး ဧည့်သည်မစ္စတာလော့ခွတ်ဒ် သိရအောင် လေထန်ကုန်းရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်က နောက်ကြောင်းရာဇ၀င်ကို ခုလိုပြန်ပြောပြပါတယ်။
လေထန်ကုန်းအိမ်ကြီးရဲ့ပိုင်ရှင် မစ္စတာ ‘အန်းရှော’ မှာ ‘ဟင်ဒလီ’ နဲ့ ‘ကက်သီ’ ဆိုတဲ့ ဆယ်ကျော်သက်အရွယ် သားတစ်ယောက်နဲ့ သမီးတစ်ယောက် ရှိတယ်။ တစ်ရက်မှာတော့ မစ္စတာအန်းရှောဟာ ‘လီဗာပူး’ ဆိုတဲ့မြို့ပေါ်ကို တက်ရင်းက မြို့ထဲကလမ်းပေါ်မှာ အစာရေစာ ငတ်ပြတ်နေတဲ့ ‘ဟိကလစ်ဖ်’ ဆိုတဲ့ ဆယ်ကျော်သက်အရွယ်လောက်ပဲ ရှိသေးတဲ့ ကလေးတစ်ယောက်ကိုတွေ့လို့ အိမ်ကိုခေါ်လာပြီး မွေးစားလိုက်ပါတယ်။ ဟိကလစ်ဖ်ဟာ အသားညိုညို စုတ်ချွန်းချွန်းလေးပါ။ ဟိကလစ်ဖ်ကို သားဖြစ်သူ ဟင်ဒလီက သိပ်မုန်းပေမဲ့ သမီးကက်သီကတော့ အရေးပေးပါတယ်။ နောက်မစ္စတာအန်းရှော ကွယ်လွန်သွားပြီး ဟိကလစ်ဖ်နဲ့ ကက်သီတို့နှစ်ဦးဟာ အပျိုလူပျိုတွေ ဖြစ်ကြတဲ့အချိန်မှာ ချစ်ကြိုက်သွားကြပါတယ်။
တစ်ရက်မှာတော့ ကက်သီနဲ့ဟိကလစ်ဖ်တို့ဟာ လေထန်ကုန်းအပြင်ဘက်ထွက်ပြီး လျှောက်လည်ကြရင်းနဲ့ အိမ်နီးနားချင်းဖြစ်တဲ့ ‘လင်တန်’ မိသားစုရဲ့ အိမ်ကြီးနားကို ရောက်သွားပါတယ်။ အဲဒီမှာ ပါတီတစ်ခု ကျင်းပနေတာကို တွေ့ရလို့ ခြံစည်းရိုးပေါ်ကျော်တက်ပြီး ချောင်းကြည့်ကြတဲ့အခါမှာ ကက်သီ ခွေးကိုက်ခံရပါတယ်။ ဒါ့ကြောင့် လေထန်ကုန်းကို ကက်သီမပြန်နိုင်တော့ဘဲ လင်တန်မိသားစုရဲ့ အိမ်ကြီးထဲမှာပဲ နာလန်ထတဲ့အထိ နေလိုက်ရပါတယ်။ ဟိကလစ်ဖ် တစ်ယောက်တည်းသာ လေထန်ကုန်းကို ပြန်လာခဲ့တာပါ။
အဲဒီလို သူများအိမ်မှာနေရင်းနဲ့ အဲဒီအိမ်ပိုင်ရှင် သူဌေးကြီးရဲ့ သားဖြစ်သူ ‘အက်ဂါ’ နဲ့ ကက်သီတို့ ချစ်ကြိုက်သွားကြ တော့တာပါပဲ။
ကက်သီသက်သာပြီး လေထန်ကုန်းကို ပြန်ရောက်လာတော့ အက်ဂါနဲ့ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ကေသီက အယ်လင့်ကို ပြောပြပါတယ်။ အယ်လင်က ဒါဆို ဟိကလစ်ဖ်ကိစ္စ ဘယ်လိုလုပ်မလဲလို့ မေးတဲ့အခါ ကက်သီက ‘ကျွန်မ ဒီအဆင့်အတန်းမရှိတဲ့ ဟိကလစ်ဖ်ကို လက်ထပ်လို့ ဘယ်ဖြစ်ပါ့မလဲ’ လို့ ပြန်ပြောခဲ့ပါတယ်။ ဒီစကားကို အမှတ်တမဲ့ ကြားသွားတဲ့ ဟိကလစ်ဖ်ဟာ လေထန်ကုန်းကနေ တစ်ခါတည်း အပြီးထွက်ပြေး သွားပါတော့တယ်။ သူပြောတဲ့စကားတွေကို ကြားသွားလို့ ဟိကလစ်ဖ် ထွက်ပြေးသွားတဲ့အကြောင်း သိလိုက်ရတဲ့အခါ ကက်သီဟာ ဟိကလစ်ဖ်ကိုပြန်ခေါ်ဖို့ နောက်ကနေ အတင်းလိုက်သွားပါတယ်။ ဒါပေမဲ့ မမီတော့ပါဘူး။ နှင်းမုန်တိုင်းထဲမှာ ကက်သီ လဲကျမေ့မြောသွားတာပဲ အဖတ်တင်ပါတယ်။ ဒါ့ကြောင့်မို့ ကက်သီ့ကို အက်ဂါက နောက်ကနေလိုက်သယ်ယူပြီး ကက်သီကျန်းမာလာအောင် နောက်တစ်ကြိမ် ပြုစုရပြန်ပါတယ်။ ဒီလိုနဲ့ ကက်သီနှင့် အက်ဂါတို့ဟာ ရင်းနှီးသထက် ရင်းနှီးသွားပြီး နောက်ဆုံးမှာတော့ လက်ထပ်လိုက်ကြတော့တာပါပဲ။
လေထန်ကုန်းကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ လူတွေထင်ထားကြတဲ့ ဟိကလစ်ဖ်ဟာ နောက်နှစ်နှစ်အကြာမှာ လေထန်ကုန်းကို ပြန်ရောက်လာပါတယ်။ အင်မတန်မှ သားနားတဲ့ သူဌေးတစ်ယောက်အဖြစ်နဲ့ ပြန်လာခဲ့တာပါ။ အဲဒီအချိန်မှာ ဟင်ဒလီဟာ အရက်သမားကြီးလုံးလုံး ဖြစ်နေပြီး အကြွေးတွေလည်း ၀ိုင်းဝိုင်းလည်နေပါပြီ။ ကက်သီကို အရွှဲတိုက်ချင်တဲ့စိတ်ကြောင့် ဟိကလစ်ဖ်ဟာ ဟင်ဒလီ့ဆီကနေ လေထန်ကုန်းအိမ်ကြီးကို တိတ်တဆိတ် ၀ယ်ယူလိုက်ပါတယ်။ ဒါတင် မကသေးဘဲ လင်တန်မိသားစုထဲက အက်ဂါ့ရဲ့နှစ်မဖြစ်တဲ့ ‘အစ်ဇယ်ဘဲလား’ နဲ့လည်း လက်ထပ်လိုက်ပါတယ်။ အဲဒါကြောင့် ကက်သီဟာ အသည်းကွဲပြီး ဟိကလစ်ဖ်ရဲ့ ရင်ခွင်ထဲမှာပဲ အသက်ထွက်သွားပါတော့တယ်။ ဒါပေမဲ့ သူ့ဝိညာဉ်ဟာ လေထန်ကုန်းကို အမြဲပြန်ပြန်လာပြီး ဟိကလစ်ဖ်ကို အပြင်ကနေ အော်ခေါ်နေလေ့ ရှိတော့တာပါပဲ။ အယ်လင်ရဲ့ ဇာတ်လမ်းကတော့ ဒီမှာတင်ပဲ ပြီးဆုံးသွားပါပြီ။ ဟိကလစ်ဖ်လည်း အဲဒီညက မစ္စတာလော့ခွတ်ဒ်ကို ဆောင့်တွန်းပြီး အိမ်အပြင်ကို ပြေးထွက်သွားလိုက်တာ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိတော့ဘဲ အိမ်ကိုလည်း ပြန်ရောက်မလာတော့ပါဘူး။ မနက်မိုးလင်းလို့ လူတွေလိုက်ရှာကြတဲ့ အခါကျမှ ဟိကလစ်ဖစ်ရဲ့အလောင်းကို နှင်းတောထဲမှာ တွေ့လိုက်ကြရတာပါ။
ရုပ်ရှင်ဇာတ်လမ်းရဲ့ အဆုံးမှာတော့ ဟိကလစ်ဖ်နဲ့ ကက်သီတို့ရဲ့ ၀ိညာဉ်တွေဟာ တစ်ယောက်ခါးကို တစ်ယောက်ဖက်ပြီး ဖုန်းဆိုးတောထဲက ကျောက်တောင်ကြီးတစ်ခုပေါ် မှာ အေးအေးဆေးဆေး လမ်းလျှောက်နေကြတာကို တွေ့လိုက်ကြရပါတယ်။ ရုပ်ရှင်ဇာတ်လမ်းဟာ ၀တ္ထုထဲကအတိုင်း တစ်သဝေမတိမ်း လိုက်ရိုက်ထားတာတော့ မဟုတ်ပါဘူး။ တချို့အခန်းတွေ တော်တော်များများကို ဖြတ်ချန်ထားခဲ့တာကို တွေ့ရပါတယ်။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီဇာတ်ကားကြောင့် ‘လေထန်ကုန်း’ ဟာ ကိုယ့်ရဲ့ရင်ထဲကို တစ်ကျော့ပြန်လည် ၀င်ရောက်လာခဲ့ပြန်ပါပြီ။ ဟိကလစ်ဖ်နဲ့ကက်သီတို့ နောင်ဘ၀မှ ပေါင်းဖက်ကြမယ့် အဖြစ်မျိုးကို ကိုယ်ဘယ်လိုမှ လက်သင့်မခံနိုင်ပါဘူး။ ကိုယ့်နိုင်ငံက ပြည်သူတွေအားလုံးကလည်း ကိုယ့်လိုပဲ နောင်ဘ၀ကျမှ ဟိကလစ်ဖ်နဲ့ကက်သီတို့ ပြန်လည်ဆုံတွေ့ပြီး လက်ဆက်ကြမယ့် ပုံစံမျိုးကို သဘောကျနိုင်ကြလိမ့်မယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ဦးဟာ ဒီဘ၀မှာပဲ အမြန်လက်ဆက်သင့်ကြပြီး လက်ဆက်နိုင်တဲ့ အခြေအနေတွေလည်း ရှိနေကြလို့ပါပဲ။ တစ်ယောက်ရဲ့စေတနာကို တစ်ယောက်က နားလည်နေပြီပဲ။ တစ်ယောက်အပေါ်တစ်ယောက် အထင်အမြင် လွဲမှားနေတာတွေကို ညှိနှိုင်းလို့ရမှ ရနိုင်ပါ့မလားလို့ ကြိုတင်အတွေးခေါင်ပြီး စိတ်ပူမနေစရာလည်း လိုမယ်မထင်ပါဘူး။
သူတို့နှစ်ယောက် ရင်ဆိုင်တွေ့လိုက်ကြရင် တစ်ဦးအပေါ်တစ်ဦး အထင်လွဲနေတာတွေ၊ မယုံကြည်ရဲတာတွေ စိုးရိမ်စိတ် လွန်ကဲနေတာတွေဟာ နွေရာသီရောက်တဲ့အခါ လေထန်ကုန်း အိမ်ကြီးနံဘေးက နှင်းတွေလို ဖြစ်သွားကြမှာပါ။ အဲဒီအခါရောက်မှ ဟိကလစ်ဖ်နဲ့ ကက်သီတို့ဟာ တို့နှစ်ယောက် တွေ့ဆုံဆွေးနွေးဖြစ်တာ တော်တော်တောင်နောက်ကျ သွားပါလားလို့ ထင်တောင်ထင်သွားနိုင်ပါသေးတယ်။ တစ်ယောက်ရဲ့ စိုးရိမ်သောကကို ကျန်တစ်ယောက်က ဖြေဖျောက်ပေးနိုင်မှ တိုင်းပြည်အတွက် အကျိုးထူးမှာလည်း ဖြစ်တယ်။
ဒီသောကကို ဖြေဖျောက်မပေးနိုင်သရွေ့ ဟိကလစ်ဖ်နဲ့ကက်သီတို့ရဲ့ ဒီဇာတ်လမ်းက ဘယ်လိုမှ ရှေ့ဆက်တိုးနိုင်မယ် မထင်ဘူး။
ဒါ့ကြောင့် နောင်ဘ၀တွေ၊ ၀ိညာဉ်လောကတွေ၊ ဘာတွေညာတွေ လုပ်မနေကြပါနဲ့တော့။ သန်းခြောက်ဆယ်ရဲ့ မျက်နှာကို ထောက်ထားညှာတာတဲ့ အနေနဲ့ ဟိကလစ်ဖ်နဲ့ ကက်သီတို့ အမြန်ဆုံး တွေ့ဆုံလိုက်ကြပါတော့လို့ ဒီနေရာကနေ တိုက်တွန်းလိုက်ရပါတယ်။
(Wuthering Heignts ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း)
Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment