0

စည်သူအောင်မြင့်| ကြာသပတေးနေ့၊ မေလ ၂၂ ရက် ၂၀၁၄ ခုနှစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားပါတယ်။ အဲဒီအကြမ်းဖက်မှုတွေအတွင်း တရုတ်လူမျိုး နှစ်ယောက် သေ၊ ၁၄၀ လောက် ဒဏ်ရာရပြီး တရုတ်ကုမ္ပဏီနဲ့ ထိုင်ဝမ်ကုမ္ပဏီပိုင် စက်ရုံတွေ ဖျက်ဆီးခံရပါတယ်။ ဗီယက်နမ်နိုင်ငံထဲက တရုတ်လူမျိုးတွေ ကမ္ဘောဒီးယားဘက် ထွက်ပြေးသူ ပြေးပါတယ်။ အခုနောက်ဆုံး ကျန်နေတဲ့ တရုတ်လူမျိုး ၃,၅၀၀ ကျော်ကို တရုတ်အစိုးရက စီစဉ်ပေးတဲ့ သင်္ဘောလေးစင်းနဲ့ ဗီယက်နမ်ကနေ ထွက်ခွာသွားခဲ့ကြပါပြီ။ တိုက်ဆိုင်တယ်ဆိုရမလား၊ မြန်မာနိုင်ငံ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ မကျေမလည်ဖြစ်တဲ့ ကျေးရွာသားတွေက တရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင် ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပါတယ်။ နောက်ပိုင်း ကျေးရွာသားတွေနဲ့ ရဲတပ်ဖွဲ့ အကြမ်းဖက်မှုတွေဖြစ်ပြီး တရုတ်နိုင်ငံသား နှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်တဲ့တိုင် ဒေသခံတွေ တရားစွဲခံထားရဆဲ ဖြစ်ပါတယ်။ ဗီယက်နမ်မှာ ဘာတွေဖြစ်ခဲ့သလဲ၊ အရင်ကရော ဘာတွေဖြစ်ဖူးသလဲ၊ မြန်မာက အဲဒီကနေ ဘာတွေ သင်ခန်းစာယူနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဗီယက်နမ်နဲ့တရုတ်ပြဿနာဖြစ်တာက နှစ်နိုင်ငံ အငြင်းပွားရေပိုင်နက်ထဲမှာ တရုတ်က ရေနံတူးစင် သယ်ယူ စိုက်ထူဖို့ ကြိုးပမ်းတာကနေ စတာပါ။ ဒီ့မတိုင်ခင်ကတည်းက အဲဒီအငြင်းပွားရေပြင်မှာ ဗီယက်နမ်သင်္ဘောနဲ့ တရုတ်သင်္ဘောတွေ တိုးမိတိုက်မိတာ၊ တစ်စင်းနဲ့တစ်စင်း ရေအမြှောက်တွေနဲ့ ထိုးပြီး တိုက်ခိုက်တာမျိုး ဖြစ်ပွားခဲ့ဖူးပါတယ်။ ခုလို အငြင်းပွားတဲ့နေရာကို တရုတ်က ရေနံတွင်းတူးစင် သယ်လာပြီး ရေနံရှာဖွေရေးလုပ်ငန်းတွေလုပ်တဲ့အခါ ဗီယက်နမ်အစိုးရက စိတ်ဆိုးဒေါသထွက်သလို မျိုးချစ်စိတ်ပြင်းထန်တဲ့ ဗီယက်နမ်နိုင်ငံသားတွေကလည်း ဒေါသထွက်ပေါက်ကွဲကုန်ကြပါတယ်။ ဒီလိုနဲ့လူထုစုဝေး အုံကြွဆန္ဒပြမှုတွေကနေ တရုတ်ပိုင်စက်ရုံတွေ ဖျက်ဆီးတာ၊ တရုတ်တွေကို ရန်လိုတိုက်ခိုက်တဲ့အဆင့်အထိ ကူးပြောင်းသွားခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ တရုတ်ဘက်ကတော့ အကြမ်းဖက်မှုတွေကို ဗီယက်နမ်အစိုးရ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ သတိပေးလိုက်ပေမယ့် သူ့ရဲ့ ရေနံရှာဖွေရေးလုပ်ငန်းတွေ ဆက်လုပ်မယ်၊ ပိုင်နက်နယ်မြေ အငြင်းပွားမှုမှာ နည်းနည်းမှ အလျှော့ပေးမှာ မဟုတ်ဘူးလို့ ရာဇသံပေးလိုက်ပါတယ်။ ဗီယက်နမ်နဲ့ ပူးတွဲလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီး တရုတ်နိုင်ငံသားတွေ ဗီယက်နမ်ထဲ သွားမလည်ဖို့ကိုလည်း နှိုးဆော်လိုက်ပါသေးတယ်။ တကယ်တော့ ခေတ်သစ်သမိုင်းမှာ တရုတ်နဲ့ ဗီယက်နမ် တစ်ချိန်လုံး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ရှိခဲ့ကြတာမျိုးတော့ မဟုတ်ပါဘူး။ ဗီယက်နမ်တွေရဲ့ ပြင်သစ်နဲ့ အမေရိကန် နယ်ချဲ့တွေကို ဆန့်ကျင်တဲ့ တိုက်ပွဲတစ်လျှောက် နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ဖူးပါတယ်။ နောက်ပိုင်း ကမ္ဘောဒီးယားမှာ တရုတ်က ကျောထောက်နောက်ခံပေးထားတဲ့ ခမာနီ အစိုးရတက်လာပြီးနောက်မှ အကြီးအကျယ် သဘောထားတွေကွဲ နယ်စပ်စစ်ပွဲတောင် ဖြစ်ခဲ့ပါတယ်။

၁၉၇၉ ခုနှစ်မတိုင်ခင် ခမာနီတပ်မှူး တစ်ယောက်ဖြစ်တဲ့ ဟွန်ဆန် (လက်ရှိ သက်တမ်းရှည် ၀န်ကြီးချုပ်) ဗီယက်နမ်နိုင်ငံထဲ ပြေးဝင်ခိုလှုံပြီး ခမာနီအစိုးရကို ဖြုတ်ချပေးဖို့ အကူအညီတောင်းပါတယ်။ ၁၉၇၉ အရောက် ဗီယက်နမ်တပ်တွေ ကမ္ဘောဒီးယားနိုင်ငံထဲဝင်ပြီး ခမာနီတပ်ဖွဲ့တွေကို တိုက်ထုတ်ပါတယ်။ အဲဒီလိုတိုက်ရပါ့မလားဆိုပြီး ပညာပေးတဲ့သဘော တရုတ်ဘော်လံတီယာတပ်ဖွဲ့တွေက ဗီယက်နမ် မြောက်ပိုင်းနယ်စပ်ကနေ ၀င်တိုက်ပါတယ်။ နယ်စပ်စစ်ပွဲဖြစ်ပါတယ်။ စစ်သမိုင်းပညာရှင်တွေရဲ့ အဆိုအရ နယ်စပ်ကင်းစခန်းတွေကို တရုတ်တပ်တွေ သိမ်းနိုင်ပေမယ့် တရုတ်တပ်သား အကျအဆုံး အလွန်များ၊ အလွန် အထိနာခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း သိပ်မကြာခင် တရုတ်တပ်တွေ ဗီယက်နမ်နယ်မြေထဲက ပြန်ဆုတ်သွားပါတယ်။ ဗီယက်နမ်ကတော့ ၁၉၈၉ ခုနှစ်ရောက်မှ ကမ္ဘောဒီးယားနိုင်ငံထဲက သူ့တပ်တွေ ပြန်ဆုတ်လာခဲ့တာပါ။

ပြောရရင် တရုတ်လို အိမ်နီးချင်းလည်းဖြစ်၊ စစ်အင်အား စီးပွားရေးအင်အားလည်းရှိတဲ့ နိုင်ငံမျိုးနဲ့ နယ်မြေ ပိုင်ဆိုင်မှု ပြဿနာ ဖြေရှင်းရတာ မလွယ်ကူပါဘူး။ ပိုဆိုးတာက အင်အားကြီးနိုင်ငံတွေဟာ အခြားဘယ်သူ့ကိုမှ ကြားဝင်ဖြေရှင်းခွင့်မပေးတာ၊ အသိအမှတ်မပြုတာပါ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လူမျိုးရေးအကြမ်းဖက်မှုကတော့ အဖြေတစ်ရပ်မဟုတ်ပါဘူး။ လက်ရှိ ဗီယက်နမ်နိုင်ငံထဲက တရုတ်လူမျိုးဆန့်ကျင်ရေးကြောင့် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ မမှန်းဆနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာလည်း ခြားနားတဲ့ သင်ခန်းစာ ရှိခဲ့ပါတယ်။ ၁၉၆၇ မြန်မာနိုင်ငံမှာ တရုတ်လူမျိုးဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။ ဖြစ်ရပ် အကြောင်းရင်း အာဏာရှင် ဦးနေ၀င်းရဲ့ နိုင်ငံရေးကစားကွက် စတာတွေ ပြန်မပြောလိုပေမယ့် အဲဒီအချိန်က တရုတ်လူမျိုးတွေ၊ တရုတ်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးရုံး၊ သံရုံးနဲ့ နေအိမ်တွေ တိုက်ခိုက်ခံရပြီး လူတွေသေ၊ တချို့ဒဏ်ရာရ၊ တချို့တိုင်းပြည်က ထွက် ပြေးခဲ့ရပါတယ်။ မှတ်တမ်းတွေအရ မြန်မာနိုင်ငံ မြို့ပေါင်း ၂၈၀ မှာ တရုတ်ဆန့်ကျင်ရေးဖြစ်ခဲ့တာပါ။ သိပ်မကြာပါဘူး၊ ၁၉၆၈ ဇန်န၀ါရီ ၁ ရက်မှာ တရုတ်ဆန့်ကျင်ရေး အကြမ်းဖက်မှု အကျိုးဆက်အဖြစ် တရုတ်အစိုးရက ဗမာပြည် ကွန်မြူနစ်ပါတီဝင်တချို့ကို ရှေ့တန်းတင်၊ ဗမာပြည်ကွန်မြူနစ်ပါတီ အလံထောင်ပြီး မြန်မာပြည် အရှေ့မြောက်ပိုင်းကို စစ်အင်အား အလုံးအရင်းနဲ့ ၀င်တိုက်ပါတယ်။ အကျိုးဆက်အဖြစ် ဒီကနေ့ မြင်တွေ့နေရတဲ့ “၀”နဲ့ မိုင်းလားတပ်ဖွဲ့တွေ အုပ်ချုပ်ထားတဲ့ ဒေသတွေ ပေါ်ပေါက်လာပါတယ်။ အဲဒီ နယ်မြေဟာ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်တွေထက်တောင် ကျယ်ပါတယ်။ ဒီနေ့အချိန်ထိ “၀”နဲ့ မိုင်းလားဒေသမှာ မြန်မာအစိုးရရဲ့ အချုပ်အခြာအာဏာနဲ့တူတာ ဘာတစ်ခုမှမရှိပါဘူး။ အဲဒီပြဿနာ ဒီနေ့အချိန်ထိလည်း မဖြေရှင်းနိုင်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ လူမျိုးရေး အကြမ်းဖက်မှုကနေ ပေါက်ဖွားလာတဲ့ နောက်ဆက်တွဲ ပြဿနာလို့ သုံးသပ်မယ်ဆိုလည်း သုံးသပ်နိုင်ပါတယ်။

ခုဆိုရင် တရုတ်တွေရဲ့ မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ကျောက်ဖြူ-ရွှေလီ-ခွင်းမင် ဂက်စ်နဲ့ ရေနံပိုက်လိုင်း စီမံကိန်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း၊ ကျောက်ဖြူ- မူဆယ် ဘက်စုံ လမ်းမကြီး စီမံကိန်းစသဖြင့် ဒီစီမံကိန်းတွေနဲ့ ဆက်စပ်ပြီး ပြဿနာတွေ ပေါ်နေသလို၊ ပြဿနာအပေါ် အခြေခံပြီး တရုတ်မုန်းတီးရေး လှုံ့ဆော်လိုသူတွေလည်း ရှိလာပါတယ်။ တကယ်တော့ ဒါတွေ ဟာ ကိုယ့်တိုင်းပြည်တွင်း အမျိုးသား စည်းလုံးညီညွတ်မှု တည်ဆောက်ပြီး ဉာဏ်အမြော်အမြင်ရှိရှိနဲ့ ဖြေရှင်းရမယ့် ပြဿနာတွေပါ။ လူမျိုးရေး မုန်းတီးမှုအခြေခံတဲ့ ဖြေရှင်းနည်းဟာ တိုင်းပြည်နဲ့ ပြည်သူ ဘယ်သူ့ကိုမှ အကျိုးရှိစေမှာ မဟုတ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ACM Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top